Friday, July 3, 2015

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ဥက္ကဋ္ဌ ကိုကျော်ကိုကိုနှင့် တွေ့ဆုံမေးမြန်းခြင်း


=========================================================
''သမဂ္ဂကျောင်းသား ဆိုတာက ကျောင်းသားတွေ အားလုံးဟာ သမဂ္ဂကို ၀င်ခွင့်ရှိတယ်။ ဘယ်ကျောင်းသားကိုမှ သမဂ္ဂထဲ မ၀င်ရဘူးလို့ ကန့်သတ်ထားတာ မဟုတ်ဘူး။ သမဂ္ဂအမှုဆောင် ကော်မတီမှာ ၀င်ရောက် ယှဉ်ပြိုင်ချင်လည်း လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိတယ်။ လူတိုင်းမှာ မဲပေးပိုင်ခွင့်ရှိသလို ရွေးချယ်ခံပိုင်ခွင့်လည်း ရှိတယ် . . . အဲဒါဒီမိုကရေစီပဲ။ ဒီ,ဒီမိုကရေစီ အလေ့အထကို တက္ကသိုလ်တွေ၊ ကျောင်းတွေထဲမှာ လွတ်လွတ် လပ်လပ် ကျင့်သုံးဖို့အတွက် သမဂ္ဂဆိုတာ ပေါ်ပေါက်လာတာ …''
=========================================================

အမျိုးသားပညာရေး ဥပဒေကို ပြန်လည် ပြင်ဆင်သည့် ဥပဒေတွင် လေးပွင့်ဆိုင် ကတိက၀တ်များ ကို ဖောက်ဖျက်ကာ အတည်ပြုမည်ဆိုပါက ရပ်နားထားသည့် သပိတ်စစ်ကြောင်းများကို ပြန်လည် စတင်မည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က ဇွန်လ ၂၀ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ဒုတိယအကြိမ် ညီလာခံ နောက်ဆုံးနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ဇွန်လ ၁၈ ရက်က ပြည်ထောင်စု လွှတ်တော်၌ ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်ချက် ၅၁ ချက်ဖြင့် အတည်ပြုလိုက်ရာ ယင်းဥပဒေထဲတွင် တက္ကသိုလ် ကောင်စီ၌ ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ဆိုသည့်စကားရပ်အား ကျောင်းသား ကိုယ်စားလှယ်ဆိုသည့် စကားရပ်ဖြင့် အတည်ပြုကာ ကျောင်းသားသမဂ္ဂ ၏ အခန်းကဏ္ဍအား ချန်လှပ်ထားခဲ့သည်။ လတ်တလော အစိုးရဘက်က ၄ ပွင့်ဆိုင် အကြို သဘောတူညီ ချက်တွင် ပါရှိသော ကတိက၀တ်များကို ချိုးဖောက်၍ ကျောင်းသားနှင့် ၀န်းရံပြည်သူ ၁၀၀ ကျော်ကို အကြမ်းဖက် ဖြိုခွင်းကာ တရားစွဲဆိုထားပြီး အချို့သော ကျောင်းသား ခေါင်းဆောင်များမှာ ဖမ်းဝရမ်း ထုတ်ခံထားရသည့်အတွက် တိမ်းရှောင်နေရသည်။

ယင်းသို့ တိမ်းရှောင်နေရသူများထဲမှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် – (ဗကသ)ဥက္ကဋ္ဌ ကိုကျော်ကိုကိုအား လက်ရှိဖြစ်ပျက်နေသည့် အမျိုးသားပညာရေး ဥပဒေနှင့် သပိတ်တိုက်ပွဲ ပြန်စလာနိုင်သည့် အခြေအနေ၊ အစိုးရက ကျောင်းသားများအား သပ်လျှိုသွေးခွဲနေမှု၊ လက်ပံတန်း အကြမ်းဖက် ဖြိုခွဲခံရမှုတွင် ကျောင်းသားများ ရလိုက်သည့် အတွေ့အကြုံနှင့် ဗကသဥက္ကဋ္ဌ၏ သဘောထားများကို ဇွန်လ ၂၃ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကာ ဖော်ပြလိုက်ပါသည်။

မေး – အချက်အလက်တွေပြင်ဖို့ ပြောဆိုခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို အခုအမျိုးသား လွှတ်တော်မှာလည်း ဒါကိုပြန်ပြီးတော့ ပြင်ပြီးတော့ အတည်ပြုပြီးသွားပြီပေါ့။ ဒီ အပေါ်မှာ နဂိုပြောဆို ခဲ့တာတွေနဲ့ ဘယ်လောက် အတိုင်းအတာအထိ ပြောင်းလဲထားတယ်လို့ ထင်သလဲ။

ဖြေ – ကျွန်တော်တို့ ပြောင်းလဲဖို့၊ ပြင်ဆင်ဖို့ပြောခဲ့တဲ့ ပညာရေးဥပဒေနဲ့ သူတို့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ပညာရေးဥပဒေနဲ့က ကွာခြားတယ်ဗျ။ ကျွန်တော်တို့ ပြောင်းလဲပြင်ဆင်ဖို့ ဆိုတဲ့နေရာမှာ ဒီမိုကရေစီပညာရေး ကို ဦးတည်သွားဖို့အတွက် အချက်အလက်တွေနဲ့ ပြောခဲ့တာရှိတယ်။ ပြီးတော့ပညာရေး ပုံစံတွေ အကုန်လုံး၊ တစ်ခုလုံးကို ပြောင်းလဲပစ်ဖို့အတွက် ကျောင်းသားသမဂ္ဂရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေ လိုအပ်တယ် ဆိုတာကို ပြောခဲ့တယ်။ ဒါပေမဲ့လက်တွေ့ပိုင်းမှာ အဲဒီအတိုင်း ဖြစ်မလာတာကို တွေ့ရတယ်။ နောက် ကျွန်တော်တို့ ပြောတဲ့ဆိုတဲ့ ပညာရေးဥပဒေဟာ အခုရေးဆွဲပြီး အတည်ပြုလိုက်တဲ့ ဥပဒေနဲ့ကြားထဲမှာ အင်မတန်မှ ကွာဟချက်တွေ ရှိနေတယ်။ အနှစ်သာရချင်း ခြားနားနေတယ် ဆိုတာကို တွေ့ရပါတယ်။

မေး – အရင်တုန်းက အမျိုးသားပညာရေး ဥပဒေကို စဆွေးနွေးတဲ့အခါမှာ ၄ ပွင့်ဆိုင်နဲ့ သွားမှသာလျှင် အဆင်ပြေမယ်ပေါ့။ လွှတ်တော်ကတစ်ဆင့် ဒါမျိုးသွားမယ်ဆိုလို့ရှိရင် ကျောင်းသားတွေ လိုချင်တဲ့ပုံစံအတိုင်း ဖြစ်မလာနိုင်ဘူးလို့ သုံးသပ်တာတွေ ရှိတယ်ပေါ့။ အခုလည်း အဲဒီလိုပုံစံမျိုး ဖြစ်လာတယ်ပေါ့။ အဲဒီ အယူအဆကိုကော ဘယ်လိုမြင်သလဲ ခင်ဗျ။

ဖြေ – ၄ ပွင့်ဆိုင်ဆိုတာက ကျွန်တော်တို့ လိုအပ်လို့ ပြောခဲ့တာ၊ တောင်းဆိုခဲ့တာ။ ၄ ပွင့်ဆိုင်ဆိုတာက လွှတ်တော်ပြင်ပမှာ ညှိနှိုင်းပြီးတော့ အကောင်းဆုံး ဖြစ်ဖို့အတွက် နည်းမျိုးစုံနဲ့ တောင်းဆိုပြီးတော့မှ ဖြစ်မြောက်အောင်လို့ ဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ ကျောင်းသားတွေ ရေးဆွဲထားတဲ့ ၄ ပွင့်ဆိုင် တောင်းဆို ချက်တွေ၊ ၄ ပွင့်ဆိုင် သဘောတူညီချက်တွေကို လက်ပံတန်းမှာ ရိုက်နှက်ဖြိုခွဲပြီး နောက်ပိုင်းမှာ တွေ့ရတာက လက်နဲ့ရေးခဲ့သမျှကို ခြေနဲ့ဖျက်ခဲ့တယ်လို့ ကျွန်တော်တို့က သဘောထားတယ်။ နောက် အခုအနေအထားက လေးပွင့်ဆိုင် ဆိုတဲ့အနေအထားနဲ့ ဆွေးနွေးထားတာတွေကို လျစ်လျှူရှုပြီးတော့ လွှတ်တော်ထဲမှာ သူတို့ အလိုကျ ပုံစံမျိုး ပြန်ပြီးရေးဆွဲတယ် ဆိုတာတစ်နည်းအားဖြင့် ပြောရရင် လွှတ်တော်ရယ်၊ အစိုးရရယ်၊ တရားရေးဆိုတဲ့ မဏ္ဍိုင် ၃ ခုပေါ့။ မဏ္ဍိုင် ၃ ရပ်ကို လက်ရှိ အုပ်ချုပ်နေတဲ့ စစ်တစ်ပိုင်း အစိုးရ လက်ထဲမှာပဲ ဆုပ်ကိုင်ထားဖို့သူတို့ အဓိက ထားတယ်။ အပြင်မှာ ကျွန်တော်တို့ တောင်းဆိုတဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပွဲကို အသိအမှတ်မပြုရာ ရောက်နေတယ်လို့ တွေ့ရှိရတယ်။

မေး – ဒီဥပဒေနဲ့ ပတ်သက်ပြီး ကျောင်းသားသပိတ်စစ်ကြောင်းတွေက သပိတ်ပြန်စဖို့ ကြေညာချက်တွေ ထွက်လာပါတယ်။ ဒီတော့ သပိတ်တိုက်ပွဲ ပြန်စလာမယ်ဆိုရင် ဘယ်လိုပုံစံမျိုး တိုက်ပွဲဝင်တာက ပိုသင့် တော်မယ်လို့ ထင်ပါသလဲ။ ဒီလိုမျိုး သပိတ်တိုက်ပွဲ ပြန်စဖို့ဆိုတဲ့အပေါ်မှာကော ဗသက ဥက္ကဋ္ဌအနေနဲ့ ဘာများ ပြောချင်သလဲ။

ဖြေ – တိုက်ပွဲဝင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ရှေ့မှာ သင်ခန်းစာတွေကော၊ အတွေ့အကြုံတွေကော အများကြီးရထားတယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့က ဒါ ကမူးရှူးထိုး လုပ်လို့တော့ မရဘူးလေ၊ ဒါတစ်ခုက တိုက်ပွဲလုပ်မယ်ဆိုရင် စနစ်တကျ ပြင်ဆင်ထားဖို့တော့ လိုတယ်။ အရင်တစ်ခါက ကျွန်တော်တို့ ရန်ကုန်မြို့ ၄ ရက် သပိတ်ဆန္ဒပြပွဲတွေ၊ နောက်ပြီးတော့ မန္တလေးက ရန်ကုန်ချီတက်ခဲ့တဲ့ လမ်းလျှောက် ချီတက်ပွဲတွေမှာ ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေပါတယ်။ တစ်နည်းအားဖြင့် ပြောရင် အားပေးထောက်ခံ ၀န်းရံသူတွေပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေတော့ ရှိနေတယ်။ ဆိုတော့ ဒီတစ်ခေါက်မှာ လိုအပ်ချက်တွေ မရှိအောင် လိုလေသေးမရှိ အရာရာ ပြည့်စုံအောင် လုပ်ဖို့တော့ လိုတယ်။ ဆိုတော့တိုက်ပွဲကို အလောတကြီး တိုက်လို့မရပါဘူး။ တိုက်ပွဲတိုက်တယ်ဆိုတာ ပုံသဏ္ဌာန် ကြွယ်ဝဖို့လည်း လိုတယ်၊ နည်းနာကြွယ်ဝဖို့လည်း လိုတယ်။ နည်းပရိယာယ်တွေ ကြွယ်ဝဖို့လည်း လိုတယ်လို့ မြင်တယ်။ တိုက်ပွဲတိုက်ဖို့ ကိစ္စကို အလောသုံးဆယ်တော့ ကျွန်တော့်အနေနဲ့ အားမပေးနိုင်ဘူး။ စနစ်တကျ ပြင်ဆင် ပြီးတော့ လုပ်ဖို့လိုတယ်။ ဒီကိစ္စဟာ ထောက်ခံတဲ့၊ ၀န်းရံတဲ့ ပြည်သူနဲ့တင်မပြီးဘဲနဲ့ အဖွဲ့အ စည်းပေါင်းစုံ ကနေပြီးတော့ တစ်သမတ်တည်း ဒီအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်တဲ့ အနေအထားအထိ ဆွဲတင်ဖို့လိုတယ် ဆိုတာကို ပြောချင်ပါတယ်။

မေး – လက်ရှိ နိုင်ငံရေး အနေအထားမှာ ဒီိမိုကရေစီ အသိုင်းအ၀ိုင်းဘက်က လူတွေကပါ ရွေးကောက်ပွဲ နီးလာတဲ့ အတွက်ကြောင့်မို့လို့ ကြားကာလ နိုင်ငံရေး တည်ငြိမ်မှုဆိုတာကို အဓိကထား ပြောလာကြတာ တွေ့ရတယ်။ ဒီအပေါ်မှာ အစိုးရအနေနဲ့ ပညာရေး ဥပဒေအတွက် တိုက်ပွဲဝင်တဲ့အခါမှာ နိုင်ငံရေး အမြတ်ထုတ်ပြီးတော့ ကျောင်းသားတွေဘက်ကို အပြစ်ပုံချလာနိုင်မလား။

ဖြေ – အစိုးရကတော့ အခုဟာက ကျောင်းသားကော၊ လယ်သမား၊ အလုပ်သမားကော ဘယ်လှုပ်ရှားမှုပဲ လုပ်လုပ် အားလုံးအပေါ် အပြစ်ပုံချဖို့ ဒါအမြဲတမ်း အဆင်သင့် ပြင်ဆင်ထားတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သွားချင်တဲ့ လမ်းကြောင်းကို ထိခိုက်မယ်၊ အနှောင့်အယှက် ပေးမယ်လို့ သူတို့ယူဆလို့ပဲ။ သူတို့ သွားချင်တဲ့လမ်းကြောင်း က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ဘယ်ရွေးကောက်ပွဲပဲ လုပ်လုပ် လက်ရှိ အစိုးရက အမြဲတမ်းနိုင်အောင်လို့ သူတို့ ဖန်တီးထားတယ်။ လက်ရှိအစိုးရ မနိုင်၊ နိုင်အောင်လို့ လုပ်မယ့် နည်းလမ်းတွေလည်း သူတို့မှာ အပြည့်အစုံရှိတယ်။ အဲဒီတော့ အဲဒီလို အခြေအနေမျိုးကို တိမ်းစောင်းသွား စေနိုင်တဲ့ ဘယ်သူ့လုပ်ရပ်မျိုးမဆို သူတို့ လက်သင့်ခံမှာ မဟုတ်ဘူး၊ ဖြိုခွဲမှာပဲ။ အဲဒီတော့ ကျွန်တော်တို့ ကျောင်းသားတွေကော၊ လယ်သမား အလုပ်သမားတွေကော ဒီအချိန်မှာ တိုက်ပွဲဝင်တယ်ဆို ဖြိုခွဲဖို့ ကြိုးစားမယ်။ ဖြိုခွဲပြီးသွားရင် ဒါဘယ်သူတွေ၊ ဘယ်ဝှါတွေ နောက်ကွယ်က သွေးထိုးပါတယ်၊ လှုံ့ဆော် ပါတယ် ဆိုတာမျိုး အပြစ်ပုံချမယ်။ ကျောင်းသားတွေရဲ့ ကြီးကျယ်တဲ့၊ ကြီးမြတ်တဲ့ လှုပ်ရှားမှု မှန်သမျှကိုလည်း သေးသိမ် သွားအောင် ဖန်တီးမယ်။ နာမည်ဖျက်ဖို့ အမျိုးမျိုး ပြင်ဆင်ထားကြတာကို တွေ့ရတယ်။ အဲဒီတော့ ကြားကာလ တည်ငြိမ်ရေးဆိုတာသည် ကျွန်တော်သိပ်တော့ စိတ်မ၀င်စားဘူး။ တည်ငြိမ်ရေး၊ မတည်ငြိမ်ရေး ဆိုတာက တကယ်တမ်း ပြောမယ်ဆိုလို့ ရှိရင်နိုင်ငံရေး လမ်းစဉ်ကြီး တစ်ခုလုံးကောင်းမွန်မှ တည်ငြိမ်မှာ။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ဘယ်တော့မှ တည်ငြိမ်မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတွေ ဒုက္ခရောက်နေတယ်၊ ငတ်နေတယ်ဆိုရင် တည်ငြိမ်မှာ မဟုတ်ဘူး။ အဲဒီတော့ တည်ငြိမ်ရေးလို့ ဆိုတာ ထက်ကို အဓိက ဘာကိုစဉ်းစားရမလဲဆိုရင် ကျွန်တော်တို့ လုပ်တဲ့ လုပ်ရပ်မှန်သမျှ အောင်မြင်ဖို့ စဉ်းစားရမယ်။ အကျအရှုံး နည်းနည်းနဲ့ ထိထိရောက်ရောက်နဲ့ လိုချင်တဲ့ရလဒ်တွေ၊ ရည်မှန်းချက်တွေ ရောက်ဖို့ ကျွန်တော်တို့ စဉ်းစားရမယ်။ အဲဒါကိုပဲ ကျွန်တော်တို့ အဓိကထား စဉ်းစားသင့်တယ်လို့ ထင်တယ်။ အစိုးရက ပုံဖျက်တာတော့ ပုံမှန်လုပ်မှာပဲ။ ကျွန်တော်တို့အနေနဲ့က အဲဒီလို ပုံဖျက်တဲ့ဟာကို မခံရအောင် ဘယ်နည်းဘယ်ပုံနဲ့ အကောင်းဆုံး ဖန်တီးမလဲဆိုတာပဲ စဉ်းစားသင့်တယ်လို့ ထင်တယ်။

မေး – နောက်တစ်ခုက အစိုးရက ဗကသကို ဆိုလို့ရှိရင်ခါးခါးသီးသီးကို ဖြစ်နေတယ်ပေါ့။ ခါးခါးသီးသီး ဖြစ်တဲ့အပြင်ကို မှိုင်းတိုက်တာတွေပါ လုပ်လာတယ်ပေါ့။ အဲဒီမှာ တချို့လူတွေပါဆိုရင် အဲဒီမှိုင်းတိုက်တာကို မိသွားတာမျိုးတွေရှိတယ်။ ဒီအပေါ်မှာ အစိုးရက အခုလိုလုပ်တာဟာ ဘာကြောင့်လို့ ပြောနိုင်မလဲ။

ဖြေ – အစိုးရက ခါးခါးသီးသီး ဖြစ်နေတာနဲ့ တချို့လူတွေ မှိုင်းတိုက်ခံနေတာ နှစ်ခုက ခွဲပြောမှရမယ်။ အစိုးရက ခါးခါးသီးသီး ဖြစ်နေတာကတော့ ဒါနှစ်ပရိစ္ဆေဒပေါင်း များစွာကြာမြင့်ပြီး ဗကသနဲ့ စစ်အာဏာရှင် အစိုးရ ကြားထဲမှာ ရှိတဲ့ ပြဿနာတွေဗျ။ တစ်နည်းအားဖြင့်ပြောရင် အစိုးရက ကျွန်တော်တို့အပေါ် အငြိုးအတေး ထားပြီး တိုက်ခိုက်တဲ့သဘောပဲ။ ဘာကြောင့်လဲဆိုရင် အာဏာရှင်စနစ် သမိုင်းက အမြစ်တွယ်လာပြီ ဆိုကတည်းက ကျောင်းသားသမဂ္ဂက စတင်ကန့်ကွက်ခဲ့တယ်။ ဒီလိုမျိုး အာဏာကို ပြည်သူ့လက်ထဲကနေ လုယူသိမ်းပိုက်ပြီး အုပ်ချုပ်တာကို မသင့်တော်ဘူးဆိုတာကို ၁၉၆၀ ခုနှစ် မတိုင်ခင် ကတည်းကကော၊ ၁၉၅၈ ခုနှစ် လောက်ကတည်းကကော ကန့်ကွက်ခဲ့တယ်။ အိမ်စောင့်အစိုးရ လက်ထက်ပေါ့။ ၆၂ မှာလည်း ကျောင်းသားတွေက ကန့်ကွက်တယ်။ အဲဒီလို ကန့်ကွက်တဲ့ အတွက် ကျောင်းသားသမဂ္ဂကို ဖြိုခွဲဖျက်ဆီး၊ ဒိုင်းနမိုက်နဲ့ ဖြိုခွဲပြီး ကျောင်းသားပေါင်း ၁၀၀ ကျော်ကို သတ်တယ် ဆိုကတည်းက အငြိုးအတေးကသူတို့မှာ တော်တော်ကြီးမားတယ် ဆိုတာကို ပြသနေတာ။ လာမယ့် ၇ လပိုင်းဆို ၅၃ နှစ် ပြည့်တော့မယ်။ ဒီလို အခြေအနေမျိုးမှာ ဆိုလို့ရှိရင်တော့ အခုအချိန်အထိ အငြိုးအတေး မပြေသေးဘူး။ အခုအချိန်အထိ ကလဲ့စား ချေချင်တဲ့ စိတ်တွေက ရှိနေတုန်းပဲလို့ ကျွန်တော်တို့က ဒီလိုပဲသွားတွေ့ရတယ်။ အဓိကက အာဏာ ပြဿနာပဲ။ ကျောင်းသားတွေဟာ အစိုးရအနေနဲ့၊ စစ်အာဏာရှင်တွေ အနေနဲ့ အာဏာကို ဖြတ်လမ်းက ယူထားတာကို လက်သင့်မခံဘူး။ အဲဒီအပေါ်မှာ ဝေဖန်လို့ အငြိုးအတေးထားတာ၊ ကျောင်းသားတွေကို ရန်သူသဖွယ် သဘောထားတာ။

မှိုင်းတိုက်တာကတော့ခုနက ပြောသလို ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို အင်အား ချည့်နှဲ့သွားအောင် ဖန်တီးတာ။ သူတို့ အာဏာဆက်လက် တည်မြဲရေး၊ သူတို့ဆက်လက် ဗိုလ်ကျစိုးမိုးဖို့အတွက်၊ ပြည်သူလူထု ကိုလုပ်ချင်တာ လုပ်ဖို့ ထင်တိုင်းကျဲဖို့အတွက် ထွက်လာမယ့် အညွန့်အတက်တွေကို ဖျက်ပစ်တာပဲ။ အဲဒီအပေါ်မှာ မှိုင်းတိုက်ခံရတဲ့ လူတချို့ဆိုတာဟာ သမိုင်းကို သေချာ နားမလည်တဲ့ သူတွေပဲဖြစ်မယ်။ ဆိုတော့ နိုင်ငံရေးပါတီ တချို့လည်းပါမယ်၊ နိုင်ငံရေး အင်အားစုတချို့လည်း ပါမယ်၊ သာမန်ပြည်သူ တချို့လည်းပါမယ်။ အဲဒီ တချို့တချို့သော သူတွေဟာ နိုင်ငံရေး နယ်ပယ်ထဲမှာ ရှိကောင်းရှိနေလိမ့်မယ်။ သမိုင်းကို စနစ်တကျ လေ့လာထားဖို့ လိုအပ်တယ်။ သမိုင်းကို စနစ်တကျ မလေ့လာဘဲနဲ့ အဆင်ပြေရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ ဘက်ကိုပဲ ဦးတည်ပြီးသွားမယ် ဆိုလို့ရှိရင် ကျောင်းသားသမဂ္ဂရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ရာ ရောက်လိမ့်မယ်။ ပြီးတော့ ကျဆုံးသွားတဲ့ ကျောင်းသား ရဲဘော်တွေနဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ အနစ်နာခံမှု အပေါ်မှာလည်း လျစ်လျှူရှုရာ ရောက်လိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ မဖြစ်စေချင် ဘူး။ အသွင်ကူးပြောင်းမှု ကာလမှာ ကျွန်တော်တို့ တရားမျှတရေးကို အမြဲတမ်း ထည့်စဉ်းစားပါတယ်။ တရားမျှတရေးကို ထည့်မစဉ်းစားဘဲနဲ့ အသွင်ကူးပြောင်းရေးကို ဇွတ်လုပ်မယ် ဆိုလို့ရှိရင် ခုနကပြောသလို ရန်သူနဲ့ ပူးပေါင်းတာပဲ ဖြစ်လိမ့်မယ်။ အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲရမှာ မဟုတ်ဘူး။ အနှစ်သာရပြည့်ဝတဲ့ အသွင် ကူးပြောင်းမှုဆိုတာလည်း ဖြစ်လာမှာ မဟုတ်ဘူး။ အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး။ အဲဒီတော့ တစ်နည်းအားဖြင့် ပြောမယ်ဆိုလို့ ရှိရင် ကျောင်းသားသမဂ္ဂရဲ့ အခန်းကဏ္ဍကို လုံးဝ လျစ်လျှူရှုပြီးတော့ အစိုးရနဲ့အဆင်ပြေရေး တစ်ခုတည်း သွားတယ်ဆိုတာ တစ်နည်းအားဖြင့် ပြောမယ် ဆိုရင် လက်နက်ချတာ၊ ရန်သူနဲ့ပူးပေါင်းတာ၊ အညံ့ခံတာပဲ ဖြစ်တယ်လို့ ကျွန်တော်တို့က မြင်တယ်။

မေး -နောက်တစ်ခုက ဗကသနဲ့ တကသကို ဆိုလို့ရှိရင် အစိုးရက ထုံးစံအတိုင်း သပ်လျှိုသွေးခွဲရေး လုပ်လာတဲ့ အနေအထားမျိုးတွေ တွေ့ရတယ်ပေါ့။ နောက်တချို့သူတွေရဲ့ တွေးခေါ်မှုအပိုင်းမှာ ကွဲလာတာတွေလည်း တွေ့နေရတယ်။ အဲဒီတော့ အစိုးရရဲ့ သပ်လျှိုသွေးခွဲမှုလုပ်ရပ်ဟာ အောင်မြင်တယ်လို့ကော သုံးသပ်နိုင်မလား။

ဖြေ – ဗကသနဲ့ တကသကို သွေးခွဲတာဟာ အခုမှမဟုတ်ဘူးဗျ။ ဗကသ၊ တကသ ဆိုတဲ့ အခုခေတ်မတိုင်ခင် ၁၉၈၈ တုန်းကလည်း ဗကသနဲ့မကသဆိုပြီး သွေးခွဲခဲ့တယ်။ ဒီလိုပဲ ဟိုးအရှေ့တွေမှာလည်း တပ်ဦးနဲ့ DSO ကို သွေးခွဲခဲ့တယ်။ အစိုးရ အဆက်ဆက်ကတော့ ကျောင်းသားသမဂ္ဂရဲ့ အင်အား ကောင်းလာမှာကို စိတ်ပူတဲ့ အတွက်ကြောင့်မို့လို့ အတိုက်အခံ ဖြစ်လာနိုင်တဲ့ ကျောင်းသားတွေ အလားအလာ ကောင်းတွေကို ဖြိုခွဲဖို့ အတွက်ကို အမြဲတမ်း ကျောင်းသားလောကထဲမှာ သပ်လျှိုသွေးခွဲမှုတွေ လုပ်မှာပဲ။ လုပ်လေ့လုပ်ထလည်း ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့တွေဟာ ကျောင်းသားစိတ်နဲ့ ကျောင်းသားအသိနဲ့ ဒီသပ်လျှိုသွေးခွဲမှုကို ဖယ်ရှားပစ်ရမယ်။ ကျွန်တော်တို့ ရင်ဆိုင် တွန်းလှန်ပစ်ရမယ်။ ကျွန်တော်တို့ တညီတညွတ်တည်း ရပ်ရမယ်။ ကျွန်တော်တို့ တောက်လျှောက် ပြောခဲ့တယ်။ အလံတစ်လံတည်း အောက်မှာ အသံတစ်သံတည်း ထွက်ရမယ် ဆိုတဲ့ အနေအထားကို ပြောခဲ့တယ်။ သံပြိုင်ဆိုတဲ့ သီချင်းသံဟာ လောကတစ်ခွင်လုံး ဟိန်းထွက်လာတယ်လို့ ဆောင်းပါးတစ်ပုဒ်လည်း ရေးဖူးတယ်။ ကျွန်တော်တို့ ညီညွတ်ဖို့ လိုတယ်လို့ ပြောတာ အဓိကကတော့။ ဒါပေမဲ့ အခု မညီညွတ်ဘူး။ Ideology အခြေခံကွဲတယ်ဆိုတာ ဘာဖြစ်လာတာလဲ ဆိုတော့ အဓိက,ကတော့ ဖြတ်သန်း လာရတဲ့ဘ၀တွေ မတူတဲ့ အနေအထားနဲ့ ရရှိလာနိုင်တဲ့ အခွင့်အရေး အပေါ်မှာထားတဲ့ စိတ်နေ သဘောထားတွေ ကွာခြားတဲ့သဘောပဲ။ တချို့တွေက ဥပမာ အခွင့်အရေးအပေါ် သာယာတာမျိုး ရှိနိုင်တယ်။ ဥပမာဗျာ…လက်ရှိအစိုးရရဲ့ ပါလီမန် ဒီမိုကရေစီ လမ်းကြောင်းကို သွားပြီး လွှတ်တော် အမတ်ဖြစ်ချင်တဲ့ သူတွေလည်း ကျောင်းသားလောကမှာ ရှိကောင်းရှိနေမယ်။ အဲဒီလိုလူငယ်တွေကို သွေးဆောင်ဖြား ယောင်းတဲ့ အခါကျတော့ သူတို့ကနေပြီးတော့ ကျွန်တော်တို့ သွားနေတဲ့ တိုက်ပွဲလမ်းကြောင်း ဆိုတဲ့ဟာကို ရှောင်ဖယ် ရှောင်ဖယ် လုပ်လာလိမ့်မယ်။ သူတို့သွားမှာမဟုတ်ဘူး၊ အဲဒီလိုလမ်းကြောင်းအတိုင်း လျှောက်မှာ မဟုတ်ဘဲနဲ့ အဆင်ပြေရေး လမ်းကြောင်း ဒလိမ့်ကောက်ကွေး ပါသွားနိုင်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျောင်းသားထုထဲမှာ သွေးခွဲဖို့အတွက်က မက်လုံးပေးပြီး ဖြိုခွဲတာနဲ့ ခုနကပြောသလို ညီညွတ်ရေးကိုဖြိုခွဲဖို့ အတွက် ကြောက်ခမန်းလိလိဖြစ်အောင် ကျွန်တော်တို့ ဗကသကို ပုံဖျက်ပြီးတော့မှ သွေးခွဲတာ နှစ်မျိုးရှိတယ်ဗျ။ အဲဒီနှစ်ခုစလုံးက အစိုးရက ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်တဲ့ အတွက်ကြောင့်မို့လို့ ကျောင်းသား ညီညွတ်ရေးဟာ ကျွန်တော်တို့ ထင်သလို တည်ဆောက်လို့ မရဘူး ဆိုတာကို သွားတွေ့ရတယ်။ သူတို့ဘက်က အောင်မြင်သလား ဆိုရင်တော့ အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်တယ်။ အပြည့် အ၀တော့ အောင်မြင်တာ မဟုတ်ဘူး။


ဒီမိုကရေစီကျောင်းသားသပိတ်အား ၂၀၁၄ ခုနှစ် မတ်လ ၁၀ ရက်တွင် ဖြိုခွဲခံရပြီးနောက် မတ်လ၂၇ ရက်(တော်လှန်ရေးနေ့)တွင် ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကို ခေါင်းဆောင်သည့်အဖွဲ့ ရန်ကုန်မြို့၊ သိမ်ကြီးဈေးအနီးတွင် အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲရန် အတွက် ဆက်လက်သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့စဉ်

မေး – တချို့ကျောင်းသားတွေ ကြားထဲမှာ အတွေးအခေါ်တစ်ခုက အစိုးရနဲ့ ပေါင်းပြီး တစ်စတစ်စနဲ့ ပြုပြင်ရေး လမ်းစဉ်နဲ့ သွားချင်တာမျိုး ရှိတယ်။ အဲဒါကိုကော ဗကသ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ လက်ခံသလား။

ဖြေ – ကျွန်တော်တို့ဟာ အစိုးရနဲ့ပူးပေါင်းပြီး တစ်စတစ်စ ပြုပြင်ရေးဆိုတဲ့ လမ်းကြောင်းကို လေ့လာ ကြည့်တယ်။ လေ့လာကြည့်တဲ့အခါမှာ နိုင်ငံတကာ အခြေအနေကိုလည်း လေ့လာရမယ်၊ ပြည်တွင်း အခြေအနေကိုလည်း လေ့လာရမယ်။ ကျွန်တော်တို့ သိသလောက်ကတော့ ပြည်တွင်း အခြေအနေကို လေ့လာတဲ့အခါမှာ အစိုးရနဲ့ ပူးပေါင်းပြီး တစ်စတစ်စ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဟာ ဘယ်တော့မှ မအောင်မြင်ခဲ့ဘူး ပြည်တွင်းမှာ။ မအောင်မြင်ဘူးဆိုတာ နိုင်ငံရေးအရ မအောင်မြင်ခဲ့ဘူးလို့ပြောတာ။ ဒေါက်တာဘမော်ခေတ်က ညွန့်ပေါင်းအစိုးရတွေ ဖွဲ့တယ်၊ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့နဲ့ ပူးပေါင်းပြီးတော့၊ ၅၀၀၀ စားအမတ်တွေ ပူးပေါင်းပြီးတော့ ၀င်ပူးသတ်ရေးဆိုပြီး သွားတယ်။ အဲဒီလူတွေ အကုန်လုံး ရှုံးနိမ့်သွားတယ်။ တစ်နည်းအားဖြင့် ပြောရင် တော်လှန်တဲ့၊ တိုးတက်တဲ့ ကျောင်းသားတွေပဲ၊ သမဂ္ဂထဲက ကျောင်းသားတွေလိုမျိုး ဗိုလ်အောင်ဆန်းတို့လို၊ သခင်ဗဟိန်းတို့လို လူငယ်တွေပဲ အောင်မြင်လာခဲ့တယ်၊ နိုင်ငံရေးအရမှာ။ ပူးပေါင်း ဆောင်ရွက်တဲ့ လမ်းကြောင်းက ရှုံးနိမ့်တယ်။ ဒါက ပြည်တွင်း အခြေအနေ။ နိုင်ငံတကာက အခြေအနေကို ကြည့်မယ် ဆိုလို့ရှိရင်လည်း နိုင်ငံတကာမှာ အခုလိုမျိုးပေါ့။ ဖိနှိပ်တဲ့ အစိုးရကို တော်လှန်တဲ့ နိုင်ငံတွေလည်း ရှိတယ်။ အဲဒီနိုင်ငံတွေကို ကြည့်လိုက်လေ။ အနီးစပ်ဆုံးဆို တောင်အာဖရိကလို နိုင်ငံမျိုးမှာ အစိုးရနဲ့ စေ့စပ် ဆွေးနွေးတယ် ဆိုတဲ့နေရာမှာလည်း မင်ဒဲလားတို့ရဲ့ ANC အားကောင်းပြီးတော့ သူတို့လှုပ်ရှားမှုတွေ လုပ်နိုင် လို့သာလျှင် တောင်အာဖရိက လူဖြူအစိုးရကတွေ့ဆုံ ဆွေးနွေးတာဗျ။ တစ်ချိန်လုံး ကပ်ဖားရပ်ဖားလုပ် နေမယ်၊ ပူးပေါင်းဆောင်ရွက်ရေး လုပ်နေမယ်ဆိုရင် အခုအချိန်အထိ လူမဲတွေ လွတ်လပ်ခွင့်ရမှာ မဟုတ်ဘူး။ ဆိုလိုတာက နိုင်ငံတကာ အခြေအနေမှာလည်း တိုက်ရဲတယ်၊ တော်လှန်ရဲတယ် ဆိုတဲ့သူတွေသာ လွတ်မြောက်တာကို တွေ့ရတယ်။ ကျောင်းသား လှုပ်ရှားမှုတွေ မှန်သမျှ အင်ဒိုနီးရှားမှာလည်း ဖြစ်ခဲ့တာပဲ၊ ထိုင်းမှာလည်း ဖြစ်ခဲ့တာပဲ၊ ဖိလစ်ပိုင်မှာလည်း ဖြစ်ခဲ့တာပဲ။ နေရာတိုင်းမှာ ကျောင်းသား လှုပ်ရှားမှုတွေ၊ လူထုလှုပ်ရှားမှုတွေ ဖြစ်ခဲ့တယ်။ မားကို့စ်တို့ ဘာတို့ဖြုတ်ချတာလည်း လူထုလှုပ်ရှားမှုနဲ့ပဲ ဖြုတ်ချတာပဲ။

အစိုးရက ဘယ်လိုအစိုးရလဲ၊ ဒီနိုင်ငံကို အုပ်ချုပ်နေတာ။ ဖိနှိပ်တဲ့ အာဏာရှင် အစိုးရဆိုလို့ရှိရင် ကျွန်တော်တို့ အနေနဲ့လူထု လှုပ်ရှားမှုလိုကို လိုအပ်တယ်။ တိုက်ပွဲလိုကို လိုအပ်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ပူးပေါင်း ဆောင်ရွက်ရေး၊ တစ်စတစ်စပြုပြင် ပြောင်းလဲရေးဆိုတာဟာ စိတ်ကူးယဉ်မှု သက်သက်ပဲ ဖြစ်လိမ့်မယ်။ ဘယ်တော့မှ အဲဒီလမ်းကြောင်းက အောင်မြင်မှာ မဟုတ်ဘူး။ အဲဒီလမ်းကြောင်းအတိုင်း သွားမယ်ဆိုလို့ရှိရင် တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်အစိုးရရဲ့ ကြိုက်သလို ဆောင်ရွက်မှု၊ သူတို့ရဲ့ ထင်တိုင်းခြယ်လှယ်မှု အောက်မှာပဲ ပြားပြားဝပ် ကျရောက်သွားမှာပဲလို့ မြင်တယ်ဗျ။

မေး – အခုဆိုသမဂ္ဂနဲ့ ပတ်သက်လို့ တက္ကသိုလ် ကောင်စီမှာ ကျောင်းသားတိုင်းဟာ သမဂ္ဂအဖွဲ့ဝင် ဟုတ်ချင်မှ ဟုတ်မယ် ဆိုတဲ့ ပြောတာမျိုးနဲ့ ပတ်သက်ပြီး သဘောထား တော်တော်ကွဲလွဲကြတယ်။ ဒီအပေါ် နှစ်ဖက်ကွဲလွဲမှု တွေလည်း ရှိတယ်။ ဒီလိုမျိုး ကွဲလွဲရခြင်းရဲ့ အဓိက အကြောင်းအရင်းက ဘာလို့ ထင်ပါသလဲ။

ဖြေ – အဲဒါက သမိုင်းကြောင်းဆိုင်ရာ ပြဿနာပဲ။ သမဂ္ဂဆိုတာကို အစိုးရအဆက်ဆက်က လုံးဝနားထဲမှာကို မကြားချင်လောက်အောင် မုန်းတီးပြီး မြင်ပြင်းကပ်တယ်။ သမဂ္ဂဆိုတဲ့ အသုံးအနှုန်း ဝေါဟာရက ဥပဒေထဲ ရောက်လာမှာကို အကြောက်ဆုံးဖြစ်တယ်။ အဲဒီတော့တစ်ဖက်က အစိုးရက ကြောက်နေတဲ့ဟာကို ဖိတဲ့ အခါကျတော့ အစိုးရ လက်သင့်ခံနိုင်လောက်အောင် ပူးပေါင်းဆောင်ရွက်ချင်တဲ့သူတွေက သမဂ္ဂဆိုတဲ့ စကားလုံး ဝေါဟာရနဲ့ သမဂ္ဂရဲ့ အနှစ်သာရကို ဖြုတ်ချလိုက်မယ်။ ဒီဥပဒေမှာ ဖြုတ်ချလိုက်ရင် အောင်မြင် သွားလိမ့်မယ်လို့ တွေးပုံရတယ်။ တကယ်တမ်းကျတော့ အဲဒီကိစ္စက လွယ်လင့်တကူ လျှော့ပေးရမယ့်ကိစ္စ မဟုတ်ဘူး။ သမဂ္ဂကျောင်းသားဆိုတာက ကျောင်းသားတွေ အားလုံးဟာ သမဂ္ဂကို ၀င်ခွင့်ရှိတယ်။ ဘယ် ကျောင်းသားကိုမှ သမဂ္ဂထဲ မ၀င်ရဘူးလို့ ကန့်သတ်ထားတာ မဟုတ်ဘူး။ သမဂ္ဂ အမှုဆောင် ကော်မတီမှာ ၀င်ရောက် ယှဉ်ပြိုင်ချင်လည်း လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိတယ်။ လူတိုင်းမှာ မဲပေးပိုင်ခွင့်ရှိသလို ရွေးချယ် ခံပိုင်ခွင့်လည်းရှိတယ်။ အဲဒါဒီမိုကရေစီပဲ။ ဒီ ဒီမိုကရေစီ အလေ့အထကို တက္ကသိုလ်တွေ၊ ကျောင်းတွေထဲမှာ လွတ်လွတ်လပ်လပ် ကျင့်သုံးဖို့ အတွက် သမဂ္ဂဆိုတာ ပေါ်ပေါက်လာတာ။ ဒီမိုကရေစီကို လိုလားပါတယ် ဆိုတဲ့လူတွေက သမဂ္ဂနဲ့ သမဂ္ဂ မဟုတ်တဲ့ ကျောင်းသားနဲ့ ခွဲခြားတယ်ဆိုတာ ဒါ ဒီမိုကရေစီ မဟုတ်တော့ဘူး။ ကျောင်းသားအားလုံး ကျောင်းသားသမဂ္ဂမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ပိုင်ခွင့် ရှိသည်ဆိုတဲ့ လမ်းကြောင်းပေါ်က ရပ်ပြီးတော့ ပြောရလိမ့်မယ်။ ကျောင်းသားအားလုံးကို သမဂ္ဂက ကိုယ်စားပြုသည်ဆိုတဲ့ ရှုထောင့်ကနေပြီးတော့ ချဉ်းကပ်ရလိမ့်မယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကျောင်းသားကသပ်သပ်၊ သမဂ္ဂကသပ်သပ် ခွဲမယ်ဆိုလို့ရှိရင် ဒါဟာတစ်နည်းအားဖြင့် ဒီမိုကရေစီကိုပါ ငြင်းပယ်ရာ ရောက်သွားပြီ။ ဒီမိုကရေစီဆိုတာ မရှိတော့ဘူး အဲဒီကျလို့ရှိရင်။ အဲဒါဆိုလို့ရှိရင် သမဂ္ဂလုပ်တာလည်း အပိုပဲ ဖြစ်လိမ့်မယ်။ ကျောင်းတက် တာလည်း အဓိပ္ပာယ်မဲ့ ဖြစ်သွားမယ်။ အဲဒီလိုမဖြစ်ဘဲနဲ့ ကျောင်းသား သမဂ္ဂဆိုတာ ကျောင်းထဲမှာ တခမ်းတနား ရှိဖို့လိုအပ်တဲ့ ကျောင်းသား လွှတ်တော်ကြီး ဖြစ်တယ်ဆိုတာကို သေသေချာချာ ကျောင်းသားအားလုံး နားလည် သဘောပေါက်အောင် ပြောပြရမှာ။ အဲဒီလို ပြောရမယ့်အစား ကျောင်းသားတစ်ဖက်၊ ကျောင်းသားသမဂ္ဂ တစ်ဖက်ခွဲပြောနေသမျှ ကာလပတ်လုံး ဒါဟာကျောင်းတွင်း ဒီမိုကရေစီကို လုံးဝပစ်ပယ်တာ ဖြစ်တယ်လို့ မြင်တယ်။

မေး – လက်ပံတန်း ဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင် အစိုးရဘက်က ကြိုပြီးပြင်ဆင်ထားတာ သိသာတယ်ပေါ့။ ဦးခွန်ထွန်းဦးတို့ ကြားဝင်စေ့စပ်ပြီး လုပ်တာတောင်မှ ကြားညပ်လိမ့်မယ်ဆိုပြီး ဦးအောင်မင်း (၀န်ကြီး) တို့က ပြောခဲ့တဲ့ အထိပေါ့။ ကျောင်းသားဘက်ကို ပြန်ကြည့်မယ်ဆိုလို့ ရှိရင်လည်း မနက်ပိုင်း ဖြိုခွင်းခံရတာတောင်မှ ညနေပိုင်း ရန်ကုန်မှာဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းဆိုပြီး ချီတက်နိုင်ခဲ့တယ်ပေါ့။ ဒီတော့အခုလို လုပ်နိုင်ဖို့အတွက် နည်းဗျူဟာပိုင်းကို ဘယ်လောက်ထိ ပြင်ခဲ့လဲဗျ။

ဖြေ – နည်းဗျူဟာပိုင်းမှာ ကျွန်တော်တို့ ပြင်ခဲ့ပေမယ့် အကန့်အသတ်တွေ အများကြီးရှိတယ်။ လိုချင်တဲ့ အခြေအနေတစ်ခုကို မရောက်နိုင်ဘူး။ အဓိက အကန့်အသတ်တွေက ဘာလဲဆိုရင် အချိန်အခက်အခဲတို့၊ နေရာအခက်အခဲတို့၊ ကျဉ်းထဲကျပ်ထဲ ရောက်သွားတာ။ အခုကျွန်တော်တို့ ဖြိုခွင်းခံရတဲ့ နေရာဆိုလို့ရှိရင် ထောင်ချောက်ကြီး တစ်ခုလို့ပဲ ကျွန်တော်တို့ ခံစားရတယ်။ ဘာလို့ဆိုတော့ အနောက်ဘက်ကလည်း ပိတ်ထားတယ်၊ အရှေ့ဘက်ကလည်း ပိတ်ထားတယ်၊ အဘက်ဘက်က ပိတ်ပြီးတော့ ကျွန်တော်တို့ကို ထောင့်ကျဉ်းထဲကို တွန်းပို့ပြီးတော့ လာဖြိုခွဲတာဆိုတော့ ဒါဟာစနစ်တကျ နေရာချထားခဲ့တဲ့ နေရာဖြစ်နေ တယ်။ ဒါကတော့ သူတို့နည်းမျိုးပေါင်းစုံ သုံးတယ်ဗျာ။ ရှင်းရှင်းပြောရလို့ရှိရင် စစ်ရေး ဗျူဟာကိုလည်းသုံးတယ်။ ယတြာချေတဲ့ နည်းလမ်းတွေကိုတောင် သုံးတယ်လို့ ကျွန်တော်တို့ တွေ့ရတယ်။ ဒါတော့ထား။

ကျွန်တော်တို့ဘက်ကတော့ စည်းစနစ်တကျ ပြင်ဆင်ခဲ့တာ အားနည်းတယ်။ အားနည်းတဲ့အခါ ကျွန်တော်တို့ အနေနဲ့ ဖောက်ထွက်ပြီးတော့ ရန်ကုန်ကို ရောက်အောင် လာနိုင်ခဲ့ပေမယ့် ရန်ကုန်မှာ ကျွန်တော်တို့ ကြိုတင် ခင်းကျင်းထားတဲ့ အနေအထားအတိုင်း ကောင်းကောင်းမွန်မွန် မဆောင်ရွက်နိုင်ခဲ့ဘူး။ နောက်တော့ ကျွန်တော် တို့ သပိတ်စစ်ကြောင်းဟာ ရန်ကုန်ကိုတော့ ရောက်ခဲ့တယ်။ သူတို့လိုလားတဲ့ ပမာဏ အတိုင်းအတာ အင်နဲ့ အားနဲ့၊ ထုနဲ့ထည်နဲ့ တိုက်ပွဲတစ်ခု ၀င်ဖို့အတွက်မှာ ကျွန်တော်တို့ လစ်ဟာခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ အခက်အခဲတွေ အများကြီးကြားထဲက ဖြတ်ကျော်လာခဲ့တာ။ ကျောင်းသားတွေလည်း ဖြစ်တယ်၊ ကျွန်တော်တို့ နောက်မှာ ပြည်သူကလွဲလို့ ငွေရေးကြေးရေး အထောက်အပံ့တွေကလည်း များများစားစား ရှိတာမဟုတ်ဘူး။ ပြီးတော့အစစအရာရာ၊ ကျွန်တော်တို့ရဲ့ လက်တွေ၊ ခြေတွေလိုဖြစ်တဲ့ ကားတွေ၊ နောက်ပြီးတော့ အသုံး အဆောင် ပစ္စည်းတွေလည်း ရဲတွေက လက်ပံတန်းမှာ အကုန်လုံးကို ရိုက်နှက်ဖြိုခွဲ ဖျက်ဆီးသွားတဲ့ အတွက် ကျွန်တော်တို့ အထိနာခဲ့တယ်။ အဲဒါတော့ သေချာတယ်။ နောက်တစ်ခါ ဒီလိုမျိုးလုပ်မယ်ဆိုရင် အထိမနာ အောင်လို့ ဒီ့ထက်ပိုပြီး ပြင်ဆင်ဖို့လိုတယ် ဆိုတာတော့ ပြောနိုင်တယ်ဗျ။

မေး – ဒီမိုကရေစီပညာရေးအတွက် ပင်မသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ကျောင်းသားတွေလည်း ဖမ်းခံ ထားရတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ် တစ်ခုလုံးမှာကော ကျောင်းသားတွေဘက်က ဘာအနိုင်ရလိုက်တယ်လို့ထင်လဲ။

ဖြေ – ကျွန်တော်တို့ ကျောင်းသားတွေ ဘက်ကနေပြီးတော့ ဘာရခဲ့သလဲဆိုလို့ရှိရင် တိုက်ပွဲအတွေ့အကြုံ ရခဲ့တယ်ဗျ။ သေချာတာ တစ်ခုကတော့။ တိုက်ပွဲအတွေ့အကြုံ၊ လူထုနဲ့ နီးစပ်မှုရခဲ့တယ်။ လူထုထောက်ခံ အားပေးမှုကို ရခဲ့တယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ဘာရသလဲဆို ရင် သွေးစည်းညီညွတ်မှုကို တစ်စုံတစ်ရာသော အတိုင်းအတာအထိရခဲ့တယ်။ သွေးစည်းညီညွတ်မှုဆိုတဲ့ဟာမှာ ကျွန်တော် ဆိုလို ချင်တာကတော့ တကသ၊ ဗကသတွေကို ဆိုလိုချင်တာ မဟုတ်ဘူး။ ကျောင်းသားတွေရဲ့ အာရုံစိုက်မှုပေါ့။ ကျောင်းထဲမှာ ရှိနေတဲ့ ကျောင်းသားတွေ ကနေပြီးတော့ ဒီစစ်ကြောင်းကြီး ချီတက်လာတဲ့အခါမှာ ဟာ.. ငါတို့ကျောင်းသား အရေးကိုကော၊ ပညာရေးကိုကော ဆောင်ရွက်နေတဲ့ ကျောင်းသားတွေ ဖြစ်တယ်၊ ငါတို့ ထောက်ခံ အားပေးရမယ် ဆိုတဲ့အသိနဲ့ ကျွန်တော်တို့ထဲကို ထပ်ပြီးတော့ တိုးဝင်လာတဲ့ ရဲဘော်အသစ်တွေ အများကြီးရှိပါတယ်။ အဲဒီတော့ ဒါတစ်နည်းအားဖြင့် စည်းလုံးညီညွတ်မှုအနေနဲ့ အားကောင်းလာတယ်၊ ခိုင်မာလာတယ်လို့ တွေ့ရတယ်။ နောက်တစ်ချက် တိုက်ပွဲအတွေ့ အကြုံရခဲ့တယ်။ ပြီးတော့ အစိုးရရဲ့ ဟန်ဆောင် မျက်နှာဖုံးကို ခွာချပြနိုင်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံရေးအရလည်း အမြတ်ထွက်တယ်လို့ ပြောလို့ရပါတယ်။

မေး – အရင်က ဒီမိုကရေစီတောင်းတဲ့ အခါက အစိုးရက အကြမ်းဖက်ဖြိုခွင်းတယ်။ အခု ဒီမိုကရေစီလို့ ပြောနေတဲ့ အစိုးရက ပညာရေးအတွက် တောင်းတာကို အကြမ်းဖက် ဖြိုခွင်းတဲ့ အပေါ်ကော ဘာများပြောချင်သလဲ။

ဖြေ – ဒီမိုကရေစီကို ကူးပြောင်းနေပါပြီလို့ ပြောပေမယ့် ဒီမိုကရေစီဆိုတာ စကားလုံးလား၊ အနှစ်သာရလား ဆိုတာ ခွဲပြီးမြင်ဖို့လိုတယ်။ စကားလုံး ဒီမိုကရေစီကိုတော့ သူတို့ နေရာတကာမှာ ပြောနေတယ်။ ဒါပေမဲ့ အနှစ်သာရအရ ဒီမိုကရေစီ မရှိသေးတာ အားလုံးလည်း မြင်တယ်။ ပညာရေးမှ မဟုတ်ဘူး၊ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုနေတဲ့ လယ်သမားကို ဖမ်းပါတယ်။ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေရဲ့ အခွင့်အရေးကို တောင်းဆိုရင်လည်း ဖမ်းမှာပဲ။ နောက်ပြီးတော့ မိဘပြည်သူတွေက အမျိုးမျိုး အဖုံဖုံပေါ့ဗျာ။ အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြတယ်၊ ဖမ်းမှာပဲ။ ဆန္ဒပြတဲ့ ပြည်သူတွေကို ထုတ်ဖော်ခွင့်မပြုဘဲနဲ့ ဖမ်းဆီး ထောင်ချတယ်၊ ရိုက်နှက် အကြမ်းဖက်တယ်ဆိုတဲ့ နိုင်ငံတစ်နိုင်ငံဟာ အနှစ်သာရနဲ့ ပြည့်စုံတဲ့ ဒီမိုကရေစီ မရှိဘူးဆိုတာ မြင်သာထင်သာ ရှိတယ်။ အဲဒီတော့ စကားလုံး ဒီမိုကရေစီဆိုတာက နိုင်ငံတကာ ကို ပြယုဂ် ကောင်းအောင်လို့ ဟန်ဆောင်ပန်ဆောင် လုပ်ထားတဲ့ သံခင်းတမန်ခင်း နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ လက်တွေ့မှာ ပြည်သူတွေရဲ့ဘ၀ဟာ ကျိန်းသေပေါက် လွတ်မြောက်မှု မရသေးဘူး ဆိုတာကို အားလုံး သိအောင် ပြသနိုင်ခဲ့တယ်။

ဒီအစိုးရကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ အတည်ပြုထားတဲ့ အတိုင်း၊ ဒီစနစ်အတိုင်း သွားမှာပဲ။ တောင်းဆိုတဲ့ သူတွေကို ဖမ်းမယ်၊ ထောင်ချမယ်၊ ပြဿနာရှာမယ်။ သူတို့ဆက်ပြီး အာဏာကို ချုပ်ကိုင်ထားမယ်။ အာဏာက သူတို့လက်ထဲမှာ ရှိတယ်။ ရှိတဲ့အပြင် ဒါဟာ MEC တို့လို၊ ဦးပိုင်တို့လို စီးပွားရေး လုပ်ငန်းကြီးတွေကိုလည်းပဲ ခရိုနီတွေနဲ့အတူ အာဏာပိုင်တွေက ဆက်ပြီး ချုပ်ကိုင်ထားမှာပဲ။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နှောင့်နှေးကြန့်ကြာမယ်၊ သာမန်ပြည်သူတွေရဲ့ဘ၀က မလွတ်မြောက်ဘဲနဲ့ ချမ်းသာပြီးရင်း ချမ်းသာတဲ့ လူတန်းစားတွေကသာလျှင် ရှေ့တန်းကို ရောက်လာမယ်။ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာနဲ့ ရင်ပေါင် တန်းဖို့၊ ကမ္ဘာမှာ ပြိုင်ဆိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ လုံးဝကို အောက်ကျ နောက်ကျပဲ ဖြစ်နေဦးမှာပဲ။

မေး – နောက်ဆုံးအနေနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ဘာများ စကားပါးချင်သေးလဲ။

ဖြေ – ကျွန်တော်တို့ ရဲဘော်တွေဟာ ဖမ်းဆီးခံထားရနေပေမယ့် အခုအချိန်အထိ စိတ်ဓာတ်ကျဆင်းသွားတာ မတွေ့ရဘူး။ သူတို့ ရေးသားထားတဲ့ ကဗျာတွေကိုလည်း ကျွန်တော်တို့ ဖတ်ရတယ်။ သူတို့ ရေးသားထာတဲ့ စာတွေကို ဖတ်ရတယ်။ ထောင်တွင်းမှာ နေပေမယ့် စိတ်ဓာတ်မကျဘဲနဲ့ ဘ၀ကို ယှဉ်ပြိုင်ပြီး ရုန်းကန်တိုက်ခိုက် နိုင်တယ်။ သူတို့ တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်လွတ်လာမယ်ဆိုရင် မိဘပြည်သူတွေက သူတို့ကို အားရ၀မ်းသာ ကြိုဆိုကြလိမ့်မယ်။ ဒီ့အပြင် သူတို့ ဟာ မိဘပြည်သူတွေရဲ့ကြားမှာ ပြည်သူလူထုရဲ့ အကျိုးကို ဆောင်ဖို့ အတွက်ကို ပြန်ပြီး ရောက်ရှိလာလိမ့်မယ်။ သူတို့ရောက်ရှိ လာတာနဲ့အတူ အင်သစ်အားသစ်နဲ့ နိုင်ငံရေးကို ဆက်ပြီး လုပ်နိုင်လိမ့်မယ်။ နိုင်ငံရေးကို သူတို့ဆက်ပြီး လုပ်လာတဲ့အခါမှာ ကျွန်တော်တို့နဲ့အတူ လက်တွဲပြီး တော့ ပြည်သူ လူထု အကျိုးစီးပွားအတွက်ကို ဒီ့ထက် စွမ်းစွမ်းတမံ လုပ်လာလိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်တယ်ဆို တဲ့အကြောင်း ပြောချင်ပါတယ်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

အပြည့်အစုံသို့...

Monday, June 29, 2015

နောက်ဆုံးရ မြန်မာသတင်းများ

နောက်ဆုံးရ မြန်မာသတင်းများအား
ပုံပေါ် ကလစ်၍ ဖတ်ရှုပါ။

အပြည့်အစုံသို့...

ပြည်သူ့အတွက် ''ပြည်သူ့ဟစ်တိုင်''

စည်းကမ်းချက်များ ။ ။ မည်သူမဆို ဤ "ပြည်သူ့ဟစ်တိုင်'' တွင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ တွေ့ရှိပါက သက်ဆိုင်ရာ စာသားများ၊ link များကို ပယ်ဖျက်ခြင်း၊ IP Address များကို ပိတ်ပင်ခြင်းများဖြင့် အရေးယူမှု ပြုလုပ်ပါမည်။ အရေးယူခံရမှုများအတွက် ဖြေရှင်းချက်ပေးမည်မဟုတ်ပါ။ အခါအားလျော်စွာ စည်းကမ်းချက်အသစ်များကို ထပ်မံထုတ်ပြန်ပါမည်။ (မိမိ ရင်ဖွင့်ချင်သည်များကို ရေးသားပြီးပါက Post ကို နှိပ်ပြီးလျှင် Refresh လုပ်၍ ဖတ်ရှုပါ။)

အပြည့်အစုံသို့...

Sunday, June 7, 2015

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဖိတ်ကြားတာကို မတက်ရောက်နိုင်တဲ့အကြောင်း ကြေညာချက်ထုတ်ပြန်မှုအပေါ် ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ် ကိုအောင်နေပိုင်နဲ့ RFA အမေး-အဖြေ

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဖိတ်ကြားတာကို မတက်ရောက်နိုင်တဲ့အကြောင်း ကြေညာချက်ထုတ်ပြန်မှုအပေါ် ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ် ကိုအောင်နေပိုင်နဲ့ RFA အမေး-အဖြေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဇွန်လ (၇) ရက်နေ့မှာ ကျောင်းသားသမဂ္ဂတွေနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားထားတာကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ မွန်ပြည်နယ် ကျောင်းသားသမဂ္ဂတို့က တက်ရောက်နိုင်မှာ မဟုတ်သလို သူတို့အနေနဲ့ ဘယ်သူ့ကိုမှလည်း ကိုယ်စားလှယ်အဖြစ် စေလွှတ်နိုင်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းကို မနေ့ညတုန်းက ကြေညာချက်အသီးသီး ထုတ်ပြန်လိုက်ပါတယ်။ ဘာကြောင့် အခုလို ထုတ်ပြန်ရလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့ ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ် ကိုအောင်နေပိုင်ကို ကျနော် ဆက်သွယ်မေးမြန်းထားတာပါခင်ဗျာ။

RFA ။ ။ ကိုအောင်နေပိုင်ရေ … ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သမဂ္ဂကျောင်းသားတွေနဲ့ တွေ့မယ်ဆိုပြီး ဖိတ်ထားတဲ့ ဖိတ်ကြားချက်ကို ဗကသ အနေနဲ့ တက်ဖို့မဖြစ်နိုင်ဘူး ဆိုတာမျိုးပေါ့နော် ကြေညာချက်ထုတ်လာတာ တွေ့ရတယ်။ အဲဒါ ဘယ်လိုကြောင့်လဲ မသိဘူး။

ကိုအောင်နေပိုင် ။ ။ လွှတ်တော်ကိုယ်စားလှယ် ဇေယျာသော်ကနေပြီးတော့ ကျနော်တို့ကို လှမ်းဖုန်းဆက်ပြီးတော့ပေါ့နော် … လှမ်းပြောတယ်။ ဒီမှာ ပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ ဆွေးနွေးဖို့လို့ ပြောတယ်ပေါ့နော်။ ဒီဟာ တရားဝင် ဖိတ်တာတော့မဟုတ်ဘူးပေါ့နော်။ ဒါ သီးသန့်တွေ့တာမျိုးဖြစ်တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ဖိတ်စာ ဘာညာတော့ လုပ်တာမဟုတ်ဘူး ဆိုတဲ့တချက်ရှိတယ်ပေါ့နော်။ ကျနော်တို့ကို ပညာရေးဥပဒေနဲ့ ဆွေးနွေးတယ် ဆိုတဲ့ဟာကိုပဲ လှမ်းပြောတယ်ပေါ့နော်။ လှမ်းပြောတဲ့အတွက် ကျနော်တို့အနေနဲ့က ပထမတချက်ကတော့ ဒီပညာရေးဥပဒေက ကျောင်းသားသပိတ် အဆက်အစပ်ကနေ ဖြစ်လာတဲ့ ပညာရေးဥပဒေဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ကျောင်းသားသပိတ်တွေမှာ အောက်ခြေပါတီတွေကတော့ ၀န်းရံခဲ့ပေမယ့် အဖွဲ့ချုပ်အနေနဲ့ကတော့ ကျောင်းသားသပိတ်အပေါ်မှာ ဘာမှတုံ့ပြန်ခဲ့ခြင်းမရှိဘူး။ နောက် ကျောင်းသားတွေ တောင်းဆိုတဲ့ ပညာရေးဥပဒေအပေါ်မှာလည်း ဘာမှ ပြောကြားခြင်းမရှိဘူးပေါ့နော်။ နောက်တခုက လတ်တလောမှာဆိုရင် ကျောင်းသားသမဂ္ဂနဲ့ပတ်သက်ပြီးတော့ အဲန်အယ်လ်ဒီရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးကနေပြီးတော့ ကျောင်းသားသမဂ္ဂရဲ့ အခန်းဏ္ဍကိုတောင်မှ ပယ်ဖျက်ဖို့အထိ ဖြစ်လာတဲ့အခြေအနေတွေ ရှိတယ်။ နောက် နိုင်ငံရေးပါတီတခုဖြစ်နေတယ်။ နိုင်ငံရေးပါတီတခုကနေပြီးတော့ ဒီလိုဖိတ်ကြားမှုတခုကို လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတခုရဲ့ ဖိတ်ကြားမှုအတွက် ကျနော်တို့ အများကြီး စဉ်းစားရတယ်ပေါ့နော်။ နောက်တခုက လက်ရှိမှာ ကျနော်တို့ ရုံးထုတ်တွေနဲ့ ကျောင်းသားတွေရဲ့ ဒီထောင်ဝင်စာတွေ သွားတွေ့နေရတဲ့အခြေအနေတွေ ရှိတယ်။ နောက် NNER ရဲ့ ကွန်ဖရင့်ပေါ့နော်။ ပညာရေးညီလာခံအတွက် ဗကသအနေနဲ့လည်း ပြင်ဆင်ပေးနေရတဲ့ အပိုင်းလေးတွေလည်း ရှိတယ်ပေါ့နော်။ အဲဒီအချက်တွေကြောင့် ကျနော်တို့ ဒီအစီအစဉ်ကို ငြင်းပယ်လိုက်တာပေါ့။

RFA ။ ။ ဖိတ်တာက ဒါ ဦးဇေယျာသော်ကပဲ တယ်လီဖုန်းနဲ့ဆက်ပြီး ဖိတ်တာပေါ့။

ကိုအောင်နေပိုင် ။ ။ ဟုတ်ပါတယ်ဗျ။ ဟုတ်ပါတယ်။

RFA ။ ။ အဲတော့ နေပြည်တော်မှာ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့ ကော်မတီဆွေးနွေးပွဲကို ခင်ဗျားတို့ လေ့လာသူအနေနဲ့ သွားတက်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တာပေါ့နော်။

ကိုအောင်နေပိုင် ။ ။ နေပြည်တော်မှာ သွားတွေ့တုန်းကလည်း တကယ်တမ်းကျတော့ ကျနော်တို့သမဂ္ဂတွေကို ဖိတ်တာပဲ။ ဒါပေမယ့် ကျနော်တို့သမဂ္ဂတွေကို အသိအမှတ်ပြုတာမျိုး ဖိတ်တာမျိုး မဟုတ်ဘဲနဲ့ ကျနော်တို့ကို ကျောင်းသားသမဂ္ဂတွေက အခွင့်ထူးခံတွေမဟုတ်ဘူးဆိုပြီး ပြောတာ ကျနော်တို့ တွေ့ရတယ်။ အဲတော့ ကျနော်တို့ ကျောင်းသားသမဂ္ဂတွေက တကယ်တမ်းကျတော့လည်း အခွင့်ထူးခံမဟုတ်ဘူး။ ကျောင်းသားသမဂ္ဂဆိုတဲ့ အခန်းကဏ္ဍတခု ဖြစ်ပေါ်လာရေးကို ကြိုးပမ်းနေတဲ့သူတွေဖြစ်တယ်။ နောက် ပညာရေးဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့နေရာမှာလည်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုက ရလာတဲ့ အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ ဥပဒေအပေါ်မှာ ဆွေးနွေးနေတာမျိုး မတွေ့ရဘဲနဲ့ သာမန်ပညာရေးဥပဒေပုံစံမျိုး ဆွေးနွေးနေတာမျိုး တွေ့ရတဲ့အတွက် ပြောချင်တာက ကျောင်းသားသပိတ်တွေကြောင့် ဖြစ်လာတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးက ပေါ်လာတဲ့ ပညာရေးဥပဒေကို သဘောတူညီထားတဲ့အချက်တွေကိုရောပေါ့နော် အဲဒါတွေအားလုံးကို ပြန်ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အစ ကျောင်းသားသပိတ်ကို လက်မခံဘူးဆိုတဲ့ ပုံမျိုးတွေ တွေ့ရတယ်ပေါ့နော်။ ဒီအချက်တွေကြောင့်လည်း ကျနော်တို့က တက်ရောက်နိုင်ခြင်းမရှိတာလည်း ပါပါတယ်။

RFA ။ ။ အဲလိုဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် နောက်တခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ့နော် အဲလိုအင်အားစုတွေနဲ့ ကျောင်းသားသမဂ္ဂအင်အားစုတွေကြားထဲမှာ ဆက်ဆံရေး အေးတိအေးစက်တွေ ဖြစ်နေပြီလို့ ပြောလို့ရမလား။

ကိုအောင်နေပိုင် ။ ။ အဓိက က အေးတိအေးစက်ဖြစ်တယ် ဆိုတာထက် တချက်ကတော့ ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်ဖို့ လိုလာတဲ့ အခြေအနေ ဖြစ်လာတာပေါ့။ ကျနော်တို့ကိုယ်တိုင်က ပထမ စတဲ့ အခြေအနေမှာ အခု သမဂ္ဂကိုယ်စားလှယ်လိုဟာမျိုးမှာ ဒီအာဏာရနေတဲ့ ပါတီရဲ့ကိုယ်စားလှယ်တွေကတောင်မှ သမဂ္ဂအခန်းကဏ္ဍမျိုးမှာ သူတို့လည်း သမဂ္ဂကို မလိုလားဘူး၊ မှေးမှိန်အောင် လုပ်နေတာတော့ အမှန်ပဲ။ ဒါ ကျနော်တို့လည်း သိနေတာပဲ။ ဒါပေမယ့် ကျနော်တို့ အတိုက်အခံဘက်ကနေပြီးတော့ သမဂ္ဂနဲ့ပတ်သက်ပြီးတော့ ဖြုတ်ပေးဖို့ တောင်းဆိုတဲ့ဟာမျိုးပေါ့နော်။ ဒါတွေကလည်း ကျနော်တို့ ကြုံရတယ်။ နောက် ဒီကြားထဲမှာ တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍမျိုးမှာလည်း တိုင်းရင်းသားတွေရဲ့အသံတွေကို လျစ်လျူရှုပြီးတော့ မိမိတို့ပါတီတခုရဲ့အသံမျိုးကို ထုတ်နေတာမျိုးတွေလည်း ရှိတယ်။ အဲတော့ ကြာလာရင်တော့ ဒီအဟက ပိုကျယ်လာမယ်လို့ မြင်တယ်။ အဲတော့ ကျနော်တို့ ဖြစ်စေချင်တာက ဒီလိုသမိုင်းကြီးတဲ့ သမဂ္ဂဆိုတဲ့ အဆိုတခုကို ဘယ်လိုရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် တင်သွင်းခဲ့တယ်ဆိုရင်တော့ ကျောင်းသားသမဂ္ဂတွေကို ကိုယ်စားပြုတဲ့ ခွပ်ဒေါင်းအလံတော်ကို ယူထားတဲ့ အဲန်အယ်ဒီပါတီအနေနဲ့ ကျောင်းသားတွေကိုတော့ ပြန်လည်ပြီးတော့ အဲဒီ သူတို့ဘက်က ဖြုတ်ခဲ့တဲ့ကိစ္စတွေကိုတော့ ပြန်လည်ဖြေရှင်းဖို့တော့ လိုလာပြီပေါ့နော်။ အခုဟာက ဘယ်လိုဖြစ်နေတုန်းဆိုတော့ အဲဒီဟာတွေကို ဖုံးကွယ်ဖို့ ကြိုးစားရင်းနဲ့ သူတို့ဖြစ်ချင်တဲ့ ပုံစံတွေ ချချပြပြီးတော့ ကျောင်းသားတွေ ဖြစ်ချင်တဲ့ဟာတွေကို နားမထောင်တာတွေကိုလည်း တွေ့နေရတယ်ပေါ့။ ဒါ လုံးဝမဖြစ်သင့်ဘူးပေါ့နော်။ သူတို့ ဖြစ်ချင်တာ ဒီပုံစံရှိတယ်။ ကျနော်တို့ ဖြစ်ချင်တာ ဘယ်ပုံစံရှိတယ် ဆိုတဲ့ ကျနော်တို့ကို ဆွေးနွေးခွင့်ပေးရမယ့်ပုံစံမဟုတ်ဘဲနဲ့ သူတို့ဖြစ်ချင်တာတခုတည်းကိုပဲ ဆွေးနွေးနေတာမျိုး ဆိုရင်တော့လည်း တဘက်ပိတ်ဆွေးနွေးမှုပဲ ဖြစ်နေမှာပေါ့နော်။

RFA ။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ကိုအောင်နေပိုင် ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ဗျာ အခုလို ပြောပြတာ။

(ဓာတ်ပုံကို aung nay paing ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ရယူပါသည်။)

အပြည့်အစုံသို့...

Saturday, May 30, 2015

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ သမိုင်းဖြစ်ရပ်မှန်တစ်ခုကို ပြန်လည် ပြောပြခြင်း

ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်း ဒေါက်တာမင်းသိမ်း (ခ) ဘိုးသိမ်း ရေးသားသည်။

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည်သို့ အိတ်ဖွင့်ပေးစာ (မရေးလိုသော်လည်း၊ မရေးမဖြစ် ရေးရသော ပေးစာ)

ဒေါက်တာရန်မျိုးသိမ်း

မေလ (၂၁) ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး၊ လွှတ်တော်လေ့လာရေး လာရောက်သည့် သန်လျင်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံစဉ်၊ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပညာရေးဥပဒေတွင် ကျောင်းသားများ၏ ပညာရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်မှုများ၌ ပါဝင်ဆောင်ရွက်ခွင့်အတွက် ကျောင်းသားသမဂ္ဂ၀င်ကျောင်းသားနှင့် သမဂ္ဂ၀င်မဟုတ်သူ ကျောင်းသားခွဲခြားနေမှုမှာ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီမှုမရှိသည့်အပြင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ကိုက်ညီမှုမရှိကြောင်း ပြောကြားခဲ့သည်။

သမဂ္ဂကိုယ်စားလှယ်၊ သမဂ္ဂကိုယ်စားလှယ်ဆိုပြီး၊ ရိုးရိုးပဲရှင်းပြမယ်။ ဒီလိုဆို သမဂ္ဂ၀င်မဟုတ်တဲ့ကျောင်းသူ၊ ကျောင်းသားတွေက အခွင့်အရေးတန်းတူ မရှိရဘူးလား။ ဒါကိုပဲပြောတာ၊ ကျောင်းသူ၊ ကျောင်းသားကိုယ်စားလှယ်ဆိုတာကို လက်ခံတယ်။ သမဂ္ဂကိုယ်စားလှယ်ဆိုတာ သမဂ္ဂ၀င်နဲ့ သမဂ္ဂမဟုတ်သူတွေကို ခွဲခြားဆက်ဆံတာဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်မံရှင်းလင်းပြောကြားခဲ့သည်။

အခွင့်အရေးဆိုတာ ကျောင်းသူကျောင်းသားအားလုံးမှာ တန်းတူညီတူရှိတယ်။ သမဂ္ဂ၀င်မှ ကိုယ်စားလှယ်ဖြစ်ရမယ်ဆိုရင် ဒါဟာအန်တီတို့အမြင်မှာတော့ မမျှတဘူး။ အားလုံးမှာအခွင့် အရေးရှိရမယ်။ ကျောင်းသားကိုယ်စားလှယ်ရွေးတယ်ဆိုရင် သမဂ္ဂ၀င်မဟုတ်တဲ့သူကလည်း အရွေးခံပိုင်ခွင့်ရှိရမယ်။ သမဂ္ဂ၀င်ကလည်း အရွေးခံပိုင်ခွင့်ရှိရမယ်။ အများကြိုက်တဲ့သူက ရမှာပဲပေါ့ဟု ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ်ရှင်းလင်းပြခဲ့သည်။

''လွတ်လပ်ပြီးခေတ် ကျောင်းသားသမဂ္ဂများတွင် ကျောင်းသားမှန်လျှင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ရမည်ဟု သတ်မှတ်ထားသည့်အလျောက်၊ ကျောင်းဝင်ကြေးပေးရာတွင် ကျောင်းသားသမဂ္ဂနှစ်စဉ်ကြေးပါ တပါတည်းကောက်ယူသည့်အလျောက်၊ ဒေါ်အောင်ဆန်းစုကြည်ပြော သကဲ့သို့ ကျောင်းသားထဲတွင် သမဂ္ဂကျောင်းသားနှင့် သမဂ္ဂမဟုတ်သောကျောင်းသားကွဲပြားမှုသည် ရှေးကတည်းက မရှိခဲ့ဟု သုံးသပ်နိုင်သည်။''

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသမိုင်းတလျှောက်မှသည် လွတ်လပ်ပြီးခေတ်၊ ၁၉၆၂ ခုနှစ် စစ်အာဏာမသိမ်းမီအချိန်အထိ၊ ကျောင်းသားသမဂ္ဂများ၏ သမိုင်းကြောင်းကို လုံးစေ့ပတ်စေ့ နားလည်ပုံမရဟု ကနဦးသုံးသပ်နိုင်သည်။ ပညာရှိသတိဖြစ်ခဲလည်းဖြစ်နိုင်သည်။ မြန်မာနိုင်ငံရှိ ကျောင်းသားသမဂ္ဂများသည် အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ ပြင်သစ်အပါအ၀င် အနောက်အုပ်စုဝင်နိုင်ငံများ၏ ကျောင်းသားသမဂ္ဂများနှင့် အလွန်ကွဲပြားခြားနားသော သမိုင်းကြောင်းပေါ်တွင် ဖြစ်တည်ခဲ့သည်။ ကျောင်းသားသမဂ္ဂများ၏ သမိုင်းသည် မြန်မာနိုင်ငံ၏နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးသမိုင်းနှင့် မြင့်မြင့်မားမား ဆက်စပ်နေသည်။

ကိုလိုနီခေတ်သမိုင်းနှင့် ယှဉ်သုံးသပ်မည်ဆိုလျှင်၊ ကျောင်းသားသမဂ္ဂများကို အင်္ဂလိပ်အစိုးရနှင့် အလိုတော်ရိများက မျက်မုန်းကျိုးပြီး၊ လွတ်လပ်ရေး၊ အမျိုးသားရေးနှင့် အမျိုးသားပညာရေးကို လိုလားသူများက ဦးစီးခေါင်းဆောင် လုပ်ခဲ့ကြသည်။ ထို့ကြောင့် တိုင်းပြည်နှင့်ပြည်သူလူထု အကျိုးနှင့်လွတ်လပ်ရေးကို လိုလားသူတိုင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ခဲ့ကြပြီး၊ အင်္ဂလိပ်နှင့် အလိုတော်ရိ ဂိုဏ်းဝင်သားသမီးများက ကျောင်းသားသမဂ္ဂကို ရှောင်ကြသည်။ မကောင်းပြော ကြသည်။ အပုတ်ချကြသည်။ ကျောင်းသားသမဂ္ဂခေါင်းဆောင်များကို ဆိုးသွမ်းကျောင်းသားများသဖွယ် ပုံရိပ်ဖော်ကြသည်။

လွတ်လပ်ပြီးခေတ်တွင် ကျောင်းသားသမဂ္ဂများ ပိုမိုအားကောင်းလာသောအခါ၊ အစိုးရနှင့်အစိုးရနီးစပ်သူများက ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားခေါင်းဆောင်များကို ဖိနှိပ်ကန့်သတ်မှုများ၊ ဖိအားပေးမှုများ လုပ်လာကြပြန်သည်။ ကျောင်းသားသည် ခေတ်အဆက်ဆက် ဟုတ်တိုင်းမှန်ရာ ပြည်သူ့မျက်နှာသာကြည့် ပြောတတ်သူများဖြစ်ပြီး၊ ဆက်စပ်အကျိုးစီးပွား မရှိသူများဖြစ်သည့်အလျောက် အစိုးရကို သပိတ်မှောက်ရန်၊ ဆန့်ကျင်ရန် ၀န်မလေးသူများဖြစ်သည်။ ထို့ကြောင့် အစိုးရနှင့် အစိုးရအလိုတော်ရိများက ကျောင်းသားသမဂ္ဂများကို အလိုတော်ရိကျောင်းသားများနှင့် အစားထိုးနိုင်ရန် ပြင်ဆင်ခဲ့ကြသည်။ အင်္ဂလိပ်ခေတ်ကလည်း အလားတူဖြစ်ခဲ့ဘူးသည့် သာဓကများကိုတွေ့ရှိရသည်။ နည်းလမ်းပေါင်းစုံနှင့် ကျောင်းသားသမဂ္ဂများ၏ အားကောင်းမှုကိုချိုးနှိမ်ခဲ့ကြသည်။ ကျောင်းသားသမဂ္ဂခေါင်းဆောင်များကို အတိုက်အခံနိုင်ငံရေးပါတီများ၏ လက်ကိုင်တုတ်များအဖြစ်လည်းကောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်ကိုင်တုတ်များအဖြစ်လည်းကောင်း ၀ါဒဖြန့်ခဲ့ကြသည်။ အစိုးရသည် မဟုတ်မမှန်မလျော်ကန်တာ များများလုပ်လေ၊ ကျောင်းသားများကို ပိုမိုကြောက်ရလေဖြစ်သည်။ ကျောင်းသားသမဂ္ဂများသည် ဒီမိုကရေစီပညာရေးအသံ၊ ငြိမ်းချမ်းရေးအသံ၊ ဒီမိုကရေစီရေးအသံ အပါအ၀င် အောက်ခြေပြည်သူလူထုအသံများကို တစိုက်မတ်မတ် ကိုင်စွဲလာသောအခါ၊ အစိုးရမင်းများသည် ပိုမိုတုန်လှုပ်ခြောက်ခြားခဲ့ကြသည်။ ထို့ကြောင့် ကျောင်းသားသမဂ္ဂများ၏အားကောင်းမှုကို ဖြိုခွဲနိုင်မည့်နည်းလမ်းများအား အထပ်ထပ် စဉ်းစားဖော်ဆောင်ခဲ့ကြသည်။ ကျောင်းသားလွှတ်တော်များဟုပင် တင်စားခေါ်ဆိုရမည့် ကျောင်းသားသမဂ္ဂများသည် အနာဂတ်နိုင်ငံရေးခေါင်းဆောင်များကို မွေးထုတ်သည့် ကျောင်းကြီးများသဖွယ် တင့်တောင့်တင့်တယ် ဖြစ်လာခဲ့သည်။ ကျောင်းသားများသည် လာဘ်မစား၊ အခွင့်အရေးမယူ ပြည်သူကိုသာ တစ်စိုက်မတ်မတ်မျက်နှာမူခဲ့ကြသည်။ ထိုအခြေအနေတွင် ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂများ၏ သြဇာအရှိန်အ၀ါသည် မြန်မာပြည်သူလူထုအကြားတွင် အလွန်အမင်း အရေးပါအရာရောက်ခဲ့သည်ကို တွေ့ရှိရသည်။

လွတ်လပ်ပြီးခေတ် ကျောင်းသားသမဂ္ဂများတွင် ကျောင်းသားမှန်လျှင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ရမည်ဟု သတ်မှတ်ထားသည့်အလျောက်၊ ကျောင်းဝင်ကြေးပေးရာတွင် ကျောင်းသားသမဂ္ဂနှစ်စဉ်ကြေးပါ တပါတည်းကောက်ယူသည့်အလျောက်၊ ဒေါ်အောင်ဆန်းစုကြည်ပြော သကဲ့သို့ ကျောင်းသားထဲတွင် သမဂ္ဂကျောင်းသားနှင့် သမဂ္ဂမဟုတ်သောကျောင်းသား ကွဲပြားမှုသည် ရှေးကတည်းက မရှိခဲ့ဟု သုံးသပ်နိုင်သည်။ ကျောင်းသားသမဂ္ဂနှင့် သမဂ္ဂမဟုတ်သော ကျောင်းသားများအကြား သွေးခွဲသပ်သျှိုမှုသည် ယနေ့ခေတ်ကာလတွင် ပိုမိုခေတ်စားလာသည်ကို သတိပြုမိသည်။ အာဏာပိုင်အဆင့်ဆင့်ကလည်း ကျောင်းသားများအကြား သမဂ္ဂကျောင်းသားနှင့် ပရဟိတကျောင်းသား သွေးကွဲအောင် နည်းလမ်းပေါင်းစုံနှင့် အကွက်ချဆောင်ရွက်လျက်ရှိသည်။ ကျောင်းသားမှန်လျှင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ရမည်ဆိုသော စကားသည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကတည်းက ကျောင်းသားထုအကြား တွင်ကျယ်နေခဲ့သည့် သခင်ကျောင်းသားမှန်လျင်၊ လွတ်လပ်ရေးနှင့် အမျိုးသားရေးကို အဖိုးထားသောကျောင်းသားမှန်လျှင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ရမည်ဆိုသော စကားနှင့်ဆက်စပ်နေသည်။ ထိုခေတ် ထိုအခါက အလိုတော်ရိကျောင်းသားများနှင့် aကျာင်းသားအချို့သာ ကျောင်းသားသမဂ္ဂ၀င် မဟုတ်ခဲ့ကြပေ။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသားများသည် သမဂ္ဂတွင် တက်တက်ကြွကြွ ၀င်လုပ်မလုပ်သည် တစ်ဦးချင်းအပေါ်တွင် မူတည်သည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် ကျောင်းသားသမဂ္ဂများကို ရိုက်ချိုးဖျက်ဆီးခဲ့ပြီး၊ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကိုပါ ဖောက်ခွဲဖျက်စီးခဲ့သည့် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများသည် အစိုးရဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုများအသွင် ပြောင်းလဲသွားခဲ့သည်။ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်အဆက်ဆက်တွင် မြေအောက်ကျောင်းသားသမဂ္ဂများသည် ပြည်သူလူထုကိုမျက်နှာမူလျက်၊ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများကို တဗိုလ်ကျတဗိုလ်တက်စနစ်ဖြင့် လုပ်လာခဲ့ကြသည်မှာ ၁၉၈၈ ခုနှစ်အထိဖြစ်သည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင်လည်း ကျောင်းသားသမဂ္ဂများသည် ပုံစံမျိုးစုံနှင့် ပူးပေါင်းပါဝင်ခဲ့ကြသည်။ ထို့ကြောင့် အစိုးရအဆက်ဆက်၊ အာဏာရှင်အဆက်ဆက်တို့သည် ကျောင်းသားသမဂ္ဂ၊ ကျောင်းသားလှုပ်ရှားမှုများကို နည်းလမ်းမျိုးစုံနှင့် ခြေထိုးခဲ့၊ ဖျက်ဆီးခဲ့ကြသည်။

မျက်မှောက်ခေတ်တွင်လည်း ကျောင်းသားများသည် ကျောင်းသားအခွင့်အရေးများသာမက၊ ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေးအထိ ဖြန့်ကျက်လှုပ်ရှားကိုယ်စားပြုလျက်ရှိသည့်အနေအထားကို အာဏာပိုင်အဆင့်ဆင့်က မျက်မုန်းကျိုးလျက်ရှိသည်။ ထို့ကြောင့် ကျောင်းသားထုကိုနည်းမျိုးစုံနှင့်သပ်သျှိုသွေးခွဲလျက်ရှိသည်။ ကျောင်းသားသမဂ္ဂများကို နည်းပေါင်းစုံနှင့် ရိုက်ချိုးဖိနှိပ်ထားနိုင်ရန် ပြင်ဆင်လျက်ရှိသည်။

အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီဖွဲ့စည်းမည့်ကောင်စီတွင် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊ ဆရာသမဂ္ဂကိုယ်စားလှယ်များဟု ထည့်သွင်းဖော်ပြခြင်းသည် ကျောင်းသားသမဂ္ဂ၀င်မဟုတ်သော ကျောင်းသားများ၏ကိုယ်စားပြုမှုကို ထိခိုက်နိုင်သည်ဟူသော ကောက်ချက်သည် အခြေအမြစ် ကင်းမဲ့လွန်းသည်။ ကျောင်းသားမှန်လျှင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဖြစ်သည့်အလျောက် သမဂ္ဂရွေးကောက်ပွဲတွင် မဲတစ်မဲပေးပိုင်ခွင့်ရှိပြီး ဖြစ်သည်။ သမဂ္ဂ၀င်ဖြစ်ဖြစ်မဖြစ်ဖြစ်၊ သမဂ္ဂတွင်ဝင်လှုပ်ရှားပါဝင်ခြင်းရှိရှိ၊ မရှိရှိ မဲပေးပိုင်ခွင့်ကို ကျောင်းသားဖြစ်ကတည်းက ရရှိပြီးဖြစ်သည့်အတွက် ကိုယ်စားလှယ်ရွေးရာတွင် မဲပေးနိုင်ခွင့်ကို အကျိုးရှိရှိအသုံးပြုနိုင်မည်ဖြစ်သည်။

ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ဟု ဆိုလိုရင်းသည် ကျောင်းသားအားလုံး၏ တန်းတူရည်တူကိုယ်စားပြုခွင့်ကို လုံးလုံးမထိခိုက်နိုင်ပေ။ ကျောင်းသားတိုင်းသည် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ပြီးသည့်အလျောက်၊ အရွေးခံပိုင်ခွင့်သည် တန်းတူရည်တူရပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဆိုလိုသော သမဂ္ဂကျောင်းသားနှင့် သမဂ္ဂအဖွဲ့ဝင်မဟုတ်သောကျောင်းသားခွဲခြားမှုသည် အာဏာရှင်အစိုးရများအဆက်ဆက် ကျောင်းသားသမဂ္ဂများကို ရန်သူသဖွယ်ပြုမူတိုက်ခိုက်ခဲ့သည့် အာဏာရှင်ကြီးများ၏ လမ်းကြောင်းနှင့် တထပ်တည်းကျနေသည်ကို အံ့သြတုန်လှုပ်စွာသတိပြုမိသည်။

ကျောင်းသားသမဂ္ဂများသည် ကျောင်းသားထုအခွင့်အရေးကို တိုက်ပွဲဝင်နေကြသူများဖြစ်သည့်အားလျော်စွာ အဆိုပါအခွင့်အရေးများ ပြည့်ဝခံစားရသောအခါ ကျောင်းသားသမဂ္ဂခေါင်းဆောင်များ၊ သမဂ္ဂကျောင်းသားများသာ ရရှိခံစားနိုင်သည်မဟုတ် ကျောင်းသားထုတစ်ရပ်လုံး ရရှိခံစားနိုင်မည်ဖြစ်သည့်အလျောက်၊ ကျောင်းသားထုအများစုကြီးအပေါ် ကိုယ်စားပြုမှုသည် ကျောင်းသားထုအခွင့်အရေးတောင်းပွဲ၊ တိုက်ပွဲများနှင့်သာ ဆက်စပ်မည်ဖြစ်သည်။ အမျိုးသားပညာရေးသပိတ်စစ်ကြောင်းကိုလည်း မြို့ရွာအနှံ့ ပြည်သူလူထုက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်မှာ မျက်မြင်ကိုယ်တွေ့ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျောင်းသားသမဂ္ဂနှင့်ပတ်သက်သောမှတ်ချက်များကို ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိလျက် ကြားသိရမည်ဆိုလျှင် အလွန်အမင်းစိတ်ဆင်းရဲ၊ စိတ်မချမ်းမမြေ့ဖြစ်ရဖွယ်ရှိသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် နှစ်အနည်းငယ်သာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ရသည့် အတွေ့အကြုံ နုနယ်မှုကလည်း မှားယွင်းသော၊ ကြောင်းကျိုးမဆီလျော်သော ကောက်ချက်များဆီ ဆွဲခေါ်သွားခဲ့ပုံရသည်။ အဘ သခင်အုန်းမြင့်သာ သက်ရှိထင်ရှားရှိဦးမည်ဆိုလျှင်လည်း၊ ရင်မောပင်ပန်းကာ တဖျစ်တောက်တောက် မြည်တွန်တောက်တီးဦးမည် ဖြစ်သည်။

ကျောင်းသားများကို ကိုယ်စားပြုသည့် ကျောင်းသားသမဂ္ဂများရှိရမည်။ အလုပ်သမားများကိုကိုယ် စားပြုသည့် အလုပ်သမားသမဂ္ဂများရှိရမည်။ တောင်သူလယ်သမားများကို ကိုယ်စားပြုသည့် တောင်သူလယ်သမားသမဂ္ဂများ ရှိရမည်။ အာဏာရှင်ခေတ်အဆက်ဆက် ပက်ပက်စက်စက် ရိုက်ချိုးခံထားရသော သမဂ္ဂများကို အားကောင်းမောင်းသန်အောင် လုပ်နိုင်မှ၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် အားကောင်းမောင်းသန်နိုင်မည် ဖြစ်သည်။

အမျိုးသားပညာရေးဥပဒေတွင် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များနှင့် ဆရာသမဂ္ဂကိုယ်စားလှယ်များနေရာတွင် ကျောင်းသားကိုယ်စားလှယ်များနှင့် ဆရာကိုယ်စားလှယ်များဟု ပြင်ဆင်ရန် အဆိုတင်သွင်း၊ ဆွေးနွေးအတည်ပြုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်သည် နိုင်ငံရေးအရ အမှားကြီးတစ်ခုကို ကျူးလွန်လိုက်ခြင်းပင် ဖြစ်သည်။ အမှားကိုအမှားမှန်းမသိနိုင်ပဲ၊ ဆက်စွဲကိုင်နေမည်ဆိုလျှင် ရှေ့ခရီးသည် သာယာဖြောင့်ဖြူးနိုင်ခြေ နည်းပါးဦးမည် ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များသည် လက်ပံတန်းမြို့၌ ကျောင်းသားပြည်သူများအား လူမဆန်စွာ အကြမ်းဖက်တိုက်ခိုက်ဖြိုခွဲခဲ့ခြင်းအပေါ် နှုတ်ဆိတ်နေခြင်း၊ ပါးစပ်ပိတ်နေခြင်းသည်လည်း နိုင်ငံရေးအရ အမှားကြီးတစ်ခုကို ကျုးလွန်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို အမြန်ဆုံးပြန်လည်လွှတ်ပေးရေး တောင်းဆိုရန် ပျက်ကွက်သည့်အချက်သည်လည်း နိုင်ငံရေးအရ အပြစ်ကျူးလွန်မှုပင်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ပံတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်သည် ကျောင်းသားများအားအကြမ်းဖက်နှိမ်နင်းမှု၊ မတရားဖမ်းဆီးမှု၊ မတရား ရုံးတင်စစ်ဆေးမှုများနှင့်ပတ်သက်ပြီး၊ တစ်လုံးတစ်ပါဒမျှ ထုတ်ဖော်ပြောကြားခြင်းမရှိသည်မှာလည်း ဒီချုပ်ပါတီ၏ နိုင်ငံရေးအပြစ်ကျူးလွန်မှုပင် ဖြစ်သည်။

စနစ်တကျ ဆန်းစစ်မည်ဆိုလျှင်၊ ၁၉၄၆ ခုနှစ် နှင့် ၁၉၄၇ ခုနှစ် မြန်မာ့နိုင်ငံရေးကို ခေါင်းဆောင်ခဲ့သည့် အသက် (၃၂) နှစ်အရွယ် ဗိုလ်ချုပ်အောင်ဆန်း ၏ ခြေဖျားကို ၂၀၁၅ ခုနှစ် မြန်မာ့နိုင်ငံရေးကို ဦးဆောင်နေသည့် အသက် (၇၀) အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် လုံးလုံးမမီပါ။ ထပ်ပြောရမည်ဆိုလျှင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒီချုပ်ကို ခေါင်းဆောင်နေကြသည့် ခေါင်းဆောင်ကြီးများအကြားတွင် သခင်မြလိုပုဂ္ဂိုလ်၊ ဒီးဒုတ်ဦးဘချိုနှင့်တူသောပုဂ္ဂိုလ်၊ ဦးဘ၀င်းလိုပုဂ္ဂိုလ်၊ မိုင်းပွန်စော်ဘွားလိုပုဂ္ဂိုလ်၊ ဦးရာဇာတ်လိုပုဂ္ဂိုလ်၊ မန်းဘခိုင်လိုပုဂ္ဂိုလ်များကို လုံးလုံးမတွေ့ရှိရခြင်းပင် ဖြစ်သည်။ နိုင်ငံရေးသည် တစ်ဦးကောင်းတစ်ယောက်ကောင်းမရ၊ တစ်ပွဲတိုး မရသည်မှာ ရှေးကတည်းကဖြစ်သည်။ နိုင်ငံရေးအရ အစုအဖွဲ့၊ အသင်းအပင်းကောင်းမှသာ တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးကို ရှေးရှုနိုင်မည်ဖြစ်သည်။

လေးစားလျက်
ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ

အပြည့်အစုံသို့...

ကျောင်းသားဝတ္တရား

(ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘ၀က ရေးသားခဲ့သည့် ဆောင်းပါး)

အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယားက ကမ္ဘာ့အလုံးစုံသည် ဇာတ်ခုံမျှသာတည်းဟု မိန့်မြွက်ဖူး၏။ ထိုကမ္ဘာ့ဇာတ်ခုံအတွင်း လူအမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊ အတန်းအစားအမျိုးမျိုးတို့သည် ကိုယ့်အခန်းကို ကိုယ်တိုင် တတ်နိုင်အောင် ခင်းသွားရလေသည်။ သို့ဖြစ်ရာ လူတိုင်းလူတိုင်းမှာ သိကြားတတ်သော အချိန်အရွယ်မှစ၍ သေသည်ထိအောင် မိမိ၏အလုပ်ဝတ္တရားအဖြစ် ရှိ၏။ ထိုဝတ္တရားကို ကျေပွန်မှသာလျှင် လောက၌ လူဖြစ်ကျိုး နပ်ပေမည်။ ကမ္ဘာ၏နောက်ခေတ်အမွေခံ ဖြစ်ကြသော ကျွန်တော်တို့ ကျောင်းသားတို့မှာလည်း အထူးသဖြင့်အသက် ၁၆ နှစ်၊ ၁၇ နှစ်မှ အထက်သို့ရှိသော ကျောင်းသားများမှာလည်း အဆိုပါဝတ္တရားဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းသို့ဖြစ်လျှင် ကျောင်းသား၏၀တ္တရားသည် အဘယ်နည်း။

အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသော သူတို့သည် ကျောင်းသားဆိုသည်မှာ အတန်း စာကျက်၍ စာမေးပွဲအောင်ရုံမျှဟူသော အများအယူအဆ၏ တိမ်ခြင်းအဖြစ်ကို သိရှိ ကြလေသည်။ ထိုအယူအဆကား ခေတ်အောက်ကျသည့် အယူမျှသာဖြစ်ပေသည်။ ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကအရေး၊ ဓမ္မအရေး ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန်ဖြေရှင်းတတ်သော ပညာမှ စာအုပ်စာပေကို အံ၍ရသော အမှတ်သညာနှစ်ရပ်ကိုခွဲခြား၍ ထားလေသည်။ စာမေးပွဲကိုအောင်မြင်သူသည်လောက စစ်ပွဲတွင်လည်း အောင်မြင်နိုင်သည့် အရည်အချင်းရှိသည်ဟု မုချဆက်ဆက် မဆိုသာချေ။ ဤသို့လျှင် စာမေးပွဲ၏ အကြောင်း သနစ်ကို ဖော်ထုတ်လာကြ၏။ An Examination of Examinations (စာမေးပွဲများ၏ အကျိုးအပြစ် စစ်ဆေးချက်)ဆိုသော စာအုပ်တွင် ဤအချက်ကို ရှင်းလင်းပြသထားပေ ၏။ စာမေးပွဲတစ်ခု၏ အဖြေစာရွက်များကို စာစစ်သူအမျိုးမျိုးအား စစ်ဆေးစေရာအဖြေ တစ်ခုတည်းကိုပင် အမှတ်ပေးပုံချင်းမတူသည်ကို တွေ့ရပေသည်။ တစ်ဖန် စာစစ်သူတစ်ဦးတည်းက ခြောက်နှစ်ခန့်ကဖြတ်ခဲ့သော အဖြေကို နောက်ထပ်စစ်ဆေးသည့်အခါ ပထမအမှတ်ပေးပုံနှင့် နောက်တစ်ခါအမှတ် ပေးပုံချင်းမှာ ကွာခြားသည်ကို တွေ့ရလေသည်။ ကမ္ဘာကျော် ပြဇာတ်ရေးဆရာ ဘားနတ်ရှောကလည်း တစ်ရံသောအခါက အတန်းထဲတွင် ထိပ်ကျသောကျောင်းသားသည် လောကအလယ်တွင် အောက်ဆုံးထစ်ရောက်တတ်သည်ဟု မိန့်ဆိုဖူးသည်။

''လူတိုင်း လူတိုင်း တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်း သမဂ္ဂရှိမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမို အမြင်ကျယ်လာနိုင်လေသည်။ သို့အမြင်ကျယ်မှ တစ်ဦးကိုတစ်ဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆို အနေအထိုင် ပြုပြင်လာခြင်း စသဖြင့် လောက၌ လူလုပ်တတ်သည့် အရည်အချင်းများ ရရှိနိုင်လေသည်။''
ဤတွင် ကမ္ဘာကျော်စာရေးဆရာကြီး၏ အရေးအသားကို ၎င်း ရေးသားသဖြင့် ယုံကြည်ရမည်ဟု မဆိုလို၊ သို့ရာတွင် ၎င်းကား အကြောင်းမဲ့ မရေးသားရာ၊ ယင်းသို့ဖြစ်ရကား ကျွန်ုပ်တို့သည် ကမ္ဘာ့ရာဇ၀င်တွင်သာမက အထောက်အထားများကိုကြည့်မည်ဆိုလျှင် ကမ္ဘာ့ထိပ်တန်းကျရောက်သောပုဂ္ဂိုလ်တို့သည် စာမေးပွဲများတွင် ထိပ်တန်းကျသူ ချည်းမဟုတ်ပေ။ ဥပမာ အနည်းငယ်ထုတ်ပြရသော် ယခုခေတ်ကမ္ဘာ့ထိပ်တန်းသမား များတွင် ဟစ်တလာနှင့် မူဆိုလီနီတို့သည် ကျောင်းမှာပင် ကောင်းစွာမနေခဲ့ကြရပေ။ မဟတ္တမဂန္ဒီသည်လည်း ကောလိပ်ကျောင်း တွင် ရောက်ဖူးရုံမျှရှိ၍ ကျောင်းသားအဖြစ် နေစဉ်အခါက ထူးထူးချွန်ချွန်မရှိချေ။ ပန်ဒစ်ဂျဝါဟလာနေရူးသည်လည်း အင်္ဂလန်ပြည်ရှိ နာမည်ကျော်ကျောင်းနှင့် တက္ကသိုလ်တို့မှ အောင်မြင်ခဲ့လင့်ကစား ကျောင်းသားအဖြစ်ဖြင့် များစွာ မထူးချွန်လှ။ ဘီအေဂုဏ်ထူးတန်းတွင်ဒုတိယတန်းမျှသာရလေသည်။ သို့ရာတွင် ထိုအခါက ၎င်းအထက်ပထမရခဲ့သော သူတစ်ဦးမှာ ရန်ကုန်တွင် ပါမောက္ခတစ်ဦးအဖြစ်ဖြင့် ၎င်းကဲ့သို့ ကျော်ကြားခြင်း မရှိပေ။ အင်္ဂလိပ်စာရေးဆရာကြီးများဖြစ်ကြသော ဂိုးလ်စမစ်ဆာဝါလတာစကော့ စသော ပုဂ္ဂိုလ်တို့မှာလည်း ကျောင်းနေစဉ်က ထူးချွန်ခြင်းမရှိ။

ဆာဝါလတာစကော့မှာမူ လူနွားဟုပင် ဆရာ၏ အခေါ်ခံရလေသည်။ ဤကား ဥဒါဟရုဏ်ကို အကျဉ်းမျှသရုပ်ပေါ်အောင် ပြလိုက်ခြင်းတည်း။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းစစ်ရလျှင် လူတစ်ဦးတစ်ယောက်၏ တန်ဖိုးကို မည်မျှရှိသည်ဟု ချိန်ဆရန် တစ်ထစ်ချသတ်မှတ်ထားသော နည်းမရှိသောကြောင့် ဖြစ်ပေသည်။

စင်စစ်သော်ကား ကျောင်းပင်တစ်ခါမျှ မနေဖူး၍ စာတစ်လုံးမျှမသင်ဖူးသူပင် ပညာ ရှိဖြစ်နိုင်၏။ ဤကားဖြစ်နိုင်သည့်အကြောင်းကို အကျွန်ဆိုခြင်းဖြစ်ပေသည်။ ယခုကမ္ဘာ ပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏အကြောင်းကို အမျိုးမျိုး မှတ်သားချက်များသာဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏အာဘော်၊ ၎င်းတို့ရေးရာဒေသ၊ ရေးသည့်အချိန်ကာလ စသည်တို့ကိုကြည့်၍ ဝေဖန်ပြီးလျှင် လော ကအလုပ်ဝတ္တရားတွင် သုံးစွဲမှသာ စာတတ်အမှန်ဖြစ်ပေသည်။

အကယ်၍ စာမတတ်သူသည် လောက အမှတ်အသားကောင်းမွန်၍ နေရာချတတ် ပါလျှင် စာတတ်နေရန်မလိုချေ။ ထို့ကြောင့်ပင် မူဆိုလိုနီက ၎င်း၏ အတ္ထုပ္ပတ္တိတွင် ကျွန်ုပ်ဖတ်ခဲ့သော အကြီးဆုံးစာအုပ်ကား ကျွန်ုပ်နေခဲ့၊ နေဆဲသော လောကကြီးပင်တည်းဟု ရေးထား၏။ ထိုကဲ့သို့စာအုပ်ပေစာမှ ကျော်လွန်သောပညာကို အဘယ်သို့ ရအံ့နည်း။

ထိုပညာစစ်ကိုရရန် လွတ်လပ်စွာတွေး တောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ကိုမွေးရန်လို၏။ ဤအချက်ကို ပညာရေးကျွမ်းကျင်သူပုဂ္ဂိုလ်များက Academic Freedom (ပညာသင်ကြားရေးလွတ်လပ်ခွင့်)ဟု ခေါ်ကြ၏။ ဤအချက်ကား ကမ္ဘာ့ရာဇ၀င်ကို တစ်မျိုးတစ်မည်ပြောင်းလွဲစေသည့် ရီနေဆန်နှင့် ရီဖောင်မေးရှင်း ခေါ် ခေတ်သစ်ဝါဒ လောကဓာတ်ပညာပြန့်ပွားရာ အကြောင်းရင်းတည်း။ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင်ဟောကြားသော ကာလမသုတ္တန်သဘောအရပင်တည်း။

ထိုလွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသောစိတ် ရှိရမည်ဆို ရာတွင် ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆိုလုပ်ကိုင်ခြင်းမဟုတ်ပေ။ လောကရှိ လူအပေါင်းတို့သည် ရေတွင်းထဲရှိ ဖားသူငယ်ကဲ့သို့နေ၍မဖြစ်ပေ။ တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်ဆံရလေသည်။ ယခုခေတ် အခါတွင် ဤသို့ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ပင် နယ်ကျယ်လာလေသည်။ ယခု အတိုင်းတိုင်းအပြည်ပြည် တွေ့ကြုံနေရသော ရှားပါးရေးခေတ်သည် ထိုဥပဒေကိုလွန်ဆန်၍ ကိုယ့်ဘက်ကိုယ့်သဘောကိုသာ မြင်သော ၀ါဒကြောင့်ဖြစ်သော ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံဖြစ်လေသည်။ ထိုသို့ဖြစ်ရာ လူတိုင်း လူတိုင်း တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်း သမဂ္ဂရှိမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမို အမြင်ကျယ်လာနိုင်လေသည်။ သို့အမြင်ကျယ်မှ တစ်ဦးကိုတစ်ဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆိုအနေအထိုင် ပြုပြင်လာခြင်း စသဖြင့် လောက၌ လူလုပ်တတ်သည့် အရည်အချင်းများ ရရှိနိုင်လေသည်။

ထို့ကြောင့် ကူးလူးဆက်ဆံအမြင်သန်အောင် ကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းအိပ်ကျောင်းစားထားခြင်း၊ အသင်းအပင်းများထောင်ခြင်း စသည်တို့ကို ပြု လုပ်ကြရလေသည်။ သို့ရာတွင် အပေါင်းအသင်း သမဂ္ဂအတွက် ပြုလုပ်ရာတွင် လွတ် လပ်စွာမပြောရ၊ မဆိုရ၊ မလုပ်ရ၊ မဆွေး နွေးရလျှင် မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ နှစ်ဖက်နှစ်ချက်စုမှ ပညာရေးအစစ်မည်လေသည်။

တစ်ဖန်ယနေ့ဖြစ်သော ကျောင်းသား များသည် မနက်ဖြန်ပြည်ကြီးသားများ ဖြစ်ကြ၏ဟု ဆိုရိုးစကားရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာတို့နှင့်ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက်ကျန်းမာရေး စသည်ဖြင့် အမျိုးမျိုးစုံအောင် အသင်းအပင်းများ ကစားနည်းများကို ထွင်ကြရ၏။ ထိုမျှမက ယခုအခါ တစ်နိုင်ငံနှင့်တစ်နိုင်ငံမှာ ခွဲစပ်၍ မဖြစ်နိုင်။ တရုတ်ပြည်၊ စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည် ဤတိုင်းပြည်ကိုလည်းကောင်း၊ ကမ္ဘာ့ယဉ်ကျေးခြင်းကိုလည်းကောင်း၊ လူသတ္တ၀ါတို့အားလည်းကောင်း၊ မည်သို့မည်ပုံထိခိုက် မည်ဟုသိနိုင်အောင် ကမ္ဘာ့အခြေအနေကိုလည်း မိမိရရသိရန်လို၏။ ဤသည်တို့ကား အကြမ်းမျှ ကျောင်းသားတို့ပြုလုပ်ရမည့် ၀တ္တရားများဖြစ်ကြ၏။ ထို့ကြောင့် ကမ္ဘာရှိ ကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ် ရွရွဖြစ်၍ စစ်မက်တားမြစ်ရေး၊ အလုပ် လက်မဲ့ပပျောက်ရေး အကြောင်းစနစ်ကို ရှာဖွေနေကြ၏။ အခြေအထူးမလှသော စပိန်ပြည်နှင့် တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်နှင့်အခါ အလျောက်လည်း ကျောင်းသား၏ ၀တ္တရားလည်း ကွဲလာ၏။ ဤသို့ပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရားအားလုံးကို သိသည်နှင့်အညီ နောင်ခေတ်ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွတ် မလုပ်တတ်မကိုင်တတ် မဖြစ်ရအောင် ကျွန်ုပ်တို့ ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်းကြီးကို အထင်အရှားတည်ထောင်ထား၏။ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း၊ တိုင်းပြည်ချစ်စိတ်ရှိသောသူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း။

အောင်ဆန်း

အပြည့်အစုံသို့...

Sunday, May 24, 2015