Saturday, July 26, 2014

ဝန်ထမ်းတွေကို ဒူးထောက် ကြိုဆိုခိုင်းတဲ့ Vintage ဟိုတယ် ပြင်းထန်စွာ သတိပေးခံရ

RFA - 2014-07-25

ရန်ကုန်၊ ဗိုလ်တထောင်ဆိပ်ကမ်းရှိ Vintage ရေပေါ်ဟိုတယ်မှာ လာရောက်တည်းခိုသူတွေကို ဝန်ထမ်းတွေက ဒူးထောက် ကြိုဆိုစဉ် (Photo: Vintage)

ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းမှာရှိတဲ့ Vintage ရေပေါ်ဟိုတယ်က လာရောက်တည်းခိုသူတွေကို ဟိုတယ်ဝန်ထမ်းတွေကနေ ဒူးထောက် အရိုအသေပေးပြီး ကြိုဆိုနေတဲ့ ဓာတ်ပုံ အသုံးပြု ကြော်ငြာခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီလို မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီခြင်းမရှိတဲ့ ဝန်ဆောင်မှုကို ရပ်ဆိုင်းဖို့ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ဟိုတယ်ပိုင်ရှင်နဲ့ စီမံအုပ်ချုပ်သူကို မနေ့က ပြင်းထန်စွာ သတိပေးလိုက်တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာက စစ်ဆေးရာမှာ မြန်မာနိုင်ငံသားပိုင် လှလှပပလီမိတက်က ရင်းနှီးမြှုပ်နှံတဲ့ အဲဒီ Vintage ဟိုတယ်မှာ တခြားဟိုတယ်တွေထက် ရည်ရွယ်ပြီး ဝန်ထမ်းတွေကို သင်တန်းတခုပြုလုပ်ကာ လေ့ကျင့်ပေးခဲ့ကြောင်း ဟိုတယ်တာဝန်ရှိသူတွေက ပြောဆိုခဲ့တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၂၅ ရက် မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီစစ်ဆေးတွေ့ရှိချက်အရ ဟိုတယ်ပိုင်ရှင် လှလှပပလီမိတက်ရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးမြင့်လွင်နှင့် ဦးပြည့်ဖြိုးဦးတို့ကို ဒု-ဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းနဲ့ ညွန်ကြားရေးမှူးချုပ်တွေက နေပြည်တော်ကို မနေ့က ခေါ်ယူပြီး ဒီလို ဘုရင်နှင့်မိဖုရားကို ဒူးထောက် အရိုအသေပေးရတဲ့ ဝန်ဆောင်မှုဟာ ဟိုတယ်လုပ်ငန်းတွေက ဧည့်သည်တွေကို ပေးဆောင်ရမယ့် ဝန်ဆောင်မှုမျိုးမဟုတ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာနဲ့ ကိုက်ညီခြင်းမရှိကြောင်းနဲ့ ဟိုတယ်ဝန်ထမ်းတွေအနေဖြင့်လည်း ဒီလို ဝန်ဆောင်မှုဟာ ပုံမှန်မဟုတ်တဲ့အတွက် ခက်ခဲစွာ ထမ်းဆောင်ကြရကြောင်း၊ ဒါ့ကြောင့် အခုလို ဝန်ဆောင်မှုပေးခြင်းကို ရပ်ဆိုင်းဖို့နဲ့ အလားတူ ဝန်ဆောင်မှုမျိုး ထပ်မံဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရင် အရေးယူမှာဖြစ်ကြောင်း သတိပေးခဲ့တယ်လို့ သိရပါတယ်။

ဟိုတယ်ပိုင်ရှင်ဘက်ကလည်း သူတို့ဝန်ထမ်းတွေအနေနဲ့ ဒူးမထောက်ရဘဲ ဒူးကို ကွေးညွတ်ရုံမျှသာ ပြုမူရပါတယ်လို့ ဒု-ဝန်ကြီးနဲ့အဖွဲ့ကို ပြန်လည်ချေပပြောဆိုခဲ့ကြောင်း သိရပါတယ်။

အဲဒီလို ဧည့်သည်တွေကို ဝန်ထမ်းတွေ ဒူးထောက်ကြိုဆိုရတဲ့ ဓာတ်ပုံကို ဟိုတယ်က အခုပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ပေမယ့် ဟိုတယ်ဝက်ဆိုဒ်စာမျက်နှာမှာ လက်ရှိဖော်ပြထားတဲ့ ဓာတ်ပုံတွေထဲမှာ အနောက်တိုင်းကလို့ ယူဆရတဲ့ ဧည့်သည်တဦးက ဆိုဖာမှာခြေကျင်းချိတ်ထိုင်နေပြီး ဟိုတယ်ဝန်ထမ်းတဦးက သူ့ခြေထောက်အနီး အောက်ခြေ ကြမ်းပြင်မှာ ထိုင်ကာ မှတ်စုစာရွက်နဲ့ လိုက်လံမှတ်သားနေရတဲ့ ဓာတ်ပုံတပုံကို မြင်တွေ့ရပါတယ်။

No comments: