Saturday, January 30, 2016

'ရွှေ+မန်း+စု' ပူးပေါင်းရွှေ့ကွက် ဘယ်ကို ဦးတည်ရွေ့လျားမလဲ

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တုန်းက ''ဒေါ်အောင်ဆန်းစုကြည်သို့ အကြံပြုချက်'' ဆိုပြီး ဒေါက်တာလွဏ်းဆွေဘလော့မှာ အောက်ပါအတိုင်း ကျနော် ရေးခဲ့ဖူးပါတယ်။
---------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာကို အမှန်တကယ် ချုပ်ကိုင်ထားတဲ့ ကြံ့ဖွံ့အစိုးရ နောက်ကွယ်က စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံ ဆွေးနွေးညှိနှိုင်းခွင့် မရသရွေ့ (သူတို့ကို နောက်ကြောင်းပြန် အရေးယူနိုင်တဲ့ကိစ္စတွေအပေါ် စိုးရိမ်ကြောင့်ကြနေတဲ့ အကြောက်တရားအတွက် လုံခြုံတဲ့ ထွက်ပေါက်ပေးနိုင်ရေး အကြေအလည် ဆွေးနွေးခွင့်မရသရွေ့) ရှေ့လျှောက်မှာလည်း ရခိုင်အရေး မီးမွှေးတဲ့ကိစ္စလို၊ လက်ပံတောင်းသပိတ်ဖြိုခွဲတဲ့ကိစ္စလို ဘယ်သူ့လက်ချက်မှန်းမသိ အရူးလုပ်ခံရတဲ့ ဖြစ်ရပ်တွေကို လိုက်ဖြေရှင်းနေရတဲ့ အရှုပ်ထုပ်တွေနဲ့ ဆက်ပြီး သံသရာလည်နေဦးမယ်လို့ ထင်ပါတယ်။

ဦးသိန်းစိန်တို့လို ရှေ့ထွက်ရုပ်သေးခေါင်းဆောင်တွေနဲ့ပဲ ထိတွေ့ဆက်ဆံပြီး ယောင်ဝါးဝါး ဆက်သွားနေမယ်ဆိုရင် (အခုအထိလည်း ကြားဖြတ်ရွေးကောက်ပွဲကတိတွေကို အကောင်အထည်ဖော်နိုင်ဖို့ နီးစပ်တဲ့အရိပ်အယောင် တခုမှ မတွေ့ရသေး) ကြာလာတာနဲ့အမျှ နောက်ကွယ်က ဆရာသမားတွေရဲ့ အရူးလုပ်ခံရမှုတွေရယ်၊ အားမလိုအားမရ ပိုပိုဖြစ်လာတဲ့ ပြည်သူလူထုရဲ့ငြိုငြင်မှုတွေရယ် ကြားမှာ ကြားညှပ်ပြီး ပြားချပ်ဖို့ ရှိတယ်လို့ မြင်မိပါတယ်။

အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ကွယ်က အနှောက်အယှက်ပေးနေတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခွင့်ရပြီး သူတို့ကို စိတ်ချရတဲ့ ထွက်ပေါက်ရစေမယ့်ကိစ္စကို (အမေရိကန်၊ အီးယူ၊ ကူလသမဂ္ဂတို့ရဲ့ အကူအညီတွေနဲ့) ဆွေးနွေးညှိနှိုင်းခွင့်ရအောင် ကြိုးစားဖို့ လိုမယ်လို့ အကြံပြုလိုပါတယ်။

အဲသလို မကြိုးစားနိုင်ဘူးဆိုရင်တော့ ပြည်သူ့ဘက်က ပြတ်ပြတ်သားသား ရပ်ပြီး နောက်ကွယ်ကနေ ဖိနှိပ်ရက်စက် အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို စေခိုင်းကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို အပြစ်ပေး အရေးယူနိုင်အောင် ပြည်သူလူထုကို ရှေ့က မားမားမတ်မတ် ဦးဆောင်ပြီး ရဲရဲရင့်ရင့် တိုက်ပွဲဝင်ဖို့ပဲ ရှိတယ်လို့ မြင်ပါတယ်။

အခုအတိုင်းပဲ စစ်အုပ်စုနဲ့ ဆက်ဆံရေး ပျက်ပြားမှာစိုးလို့ စစ်အုပ်စုဘက်ကို ‘ကာ’ ပြောလေးပြောလိုက် ‘ဖာထေး’ ပြောဆိုပေးလိုက်နဲ့ ဆက်စခန်းသွားနေမယ်ဆိုရင်တော့ လူထုရဲ့ယုံကြည်မှု အကြီးအကျယ် ကျဆင်းလာနိုင်တဲ့အပြင် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရလည်းပဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ဖြောင့်ဖြောင့်ဖြူးဖြူး လုပ်နိုင်မှာမဟုတ်ဘဲ အခုလို နောက်ကွယ်က လက်မဲကြီးတွေရဲ့ အနှောက်အယှက်ပြုမှုတွေနဲ့ ကြုံတွေ့နေရပြီး ဒုက္ခများစွာနဲ့ ဂျင်ဂလယ်ရိုက်နေရမယ့်ကိန်းရှိတယ်လို့ မြင်ပါတယ်။
--------------------------------------------------------------------------

အခုတော့ သူရဦးရွှေမန်းရဲ့ ၂၀၁၆ ဇန်န၀ါရီ ၂၉ ရက် နှုတ်ထွက်စကားတွေအရဆိုရင် ကြားလူ သူရဦးရွှေမန်းရဲ့အကူအညီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုကို နောက်ကွယ်ကနေ ကြိုးကိုင်လမ်းညွှန်နေပုံရဆဲ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ ဆွေးနွေးညှိနှိုင်းခွင့်ရတာ သေချာသွားပါပြီ။

တနည်းအားဖြင့် မြန်မာ့နိုင်ငံရေးဟာ 'ရွှေ+မန်း+စု' ပူးပေါင်းရွှေ့ကွက်နဲ့ ဆက်ချီတက်နေပြီလို့ ပြောရပါမယ်။

ဒါပေမယ့် 'ရွှေ+မန်း+စု' ပူးပေါင်းရွှေ့ကွက်ဟာ ပြည်သူ့အကျိုးစီးပွားဘက်ကို ဦးတည်ရွေ့လျားမလား၊ စစ်အုပ်စုနဲ့ ခရိုနီတွေရဲ့ အကျိုးစီးပွားဘက်ကို ဦးတည်ရွေ့လျားမလား ဆိုတာတော့ အချိန်အတိုင်းအတာတခုအထိ စောင့်ကြည့်ဖြတ်သန်းရင်း အားမွေးထားကြရုံမှတပါး ...။

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
နေ့လည် ၁၂း၄၁ နာရီ
၃၀ ဇန်န၀ါရီ ၂၀၁၆

ယှဉ်တွဲဖတ်ရှုစေလိုသည့် link များ

- http://burmese.voanews.com/…/union-parliament-…/3168104.html

- http://drlunswe.blogspot.com/2012/12/blog-post_9.html

- http://drlunswe.blogspot.com/2012/12/blog-post_2653.html

1 comment:

Unknown said...

ဒေါက်တာလွဏ်းဆွေရေ

မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ ဘာကြောင့် ပကတိ အရှိတရားကို လက်မခံနိုင်တာလဲ။ လက်မခံလိုတာလည်း။ ဒေါက်တာလွဏ်းဆွေ၏ personaliity ရော/ နိုင်ငံရေးဖြတ်သန်းမှုကိရော ကျနော် မသိပါဘူး။ သို့သော် ယနေ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်း ကို ယေဘူယ ကြည့်မည် ဆိုပါက အရင်တုန်းက အကျင့်ဟောင်းဖြစ်တဲ့ Activism/activistဖြင့် အလုပ်မဖြစ်တော့ကြောင်း လက်ခံရမည့် အမှန်တရားပင်ဖြစ်ပါတယ်။ (ခြွင်ချက် အနေဖြင့် ကိုယ့် ရဲ့စားဝတ်နေရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ပါက ခွင့်လွှတ်ပေးပါ။ တစ်ချိန်တစ်ခါတုန်းက မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် ဒီactivism သော်လည်းကောင်း activist တွေသော်လည်းကောင်း တစ်စုံတစ်ရာ အပြောင်းအလဲအတွက် သက်ရောက်မှုရှိသည်မှာ ငြင်းဖွယ်ရာမရှိ။)

ယနေ့မြန်မာ့နိုင်ငံရေး၏အရွေ့သည် positive ဆောင်နေပြီဖြစ်သည်။ အမြဲတမ်း အရာရာ ကို negative sense ဖြင့် အကဲဖြတ်၍မရကြောင်း ဒေါက်တာလွဏ်ဆွေ အနေဖြင့် သိပြီဖြစ်ပါလိမ့်မည်။ ဥပမာ ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီတက်ကြွလှုပ်ရှားမှုတွင် ဦဆောင်ပါဝင်သူ တစ်ဦးဖြစ်သော ဒေါက်တာ တင့်ဆွေ၏mindset ကို အတုယူစေချင်ပါသည်။ အပြောင်းအလဲကို ကြ်ုဆ်ုပြီး လိုက်လျှောညီထွေစွာ ပါဝင်နိုင်ရန် ပြင်ဆင်မှုကို အထူးချီးကြိုး မိပါသည်။နောက် ထပ်သာဓက ပြစရာအနေဖြင့် ပြည်တွင်းရှိနှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်း များမှလည်း ဒေါက်တာ လွဏ်းဆွေ ကဲ့သို့ negative sense ဖြင့် ထုတ်ဖော် ခြင်းမျိုးမတွေရှိရပါ။(လက်တွေ့ တွင် နစ်နာမှုဖြင့်ချိန်ဆပါက...)

အချုပ်အားဖြင့် ကျနော့ comment တွင် ဒေါက်တာလွဏ်ဆွေကို သက်ကြီး နိုင်ငံရေးသမားတစ်ဦးအဖြစ် အသိအမှတ်ပြုပါသည်။ သို့သော် mindsetနှင့် အကျင့်ဟောင်း/ ခေတ်ဟောင်း တွေးအခေါ်များပြင်နိုင်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အား (ဦးတင့်ဆွေစကားငှားသုံးမည်ဆိုပါက "graceful") ခေါင်းဆောင် အဖြစ် ရိုးရိုးလေး မြင်စေလိုပါကြောင်း ဆန္ဒပြုရင်း....

ကျေးဇူးတင်ပါသည်

Biak Lian Thang
Kalay
Sagaing Region
Myanmar