Thursday, June 30, 2016

လားရှိုးမြို့နယ်တွင် ဖမ်းဆီးခံရွာသားများ၏ အလောင်းများ တူးဖော်တွေ့ရှိ

နန်းမြနဒီ - DVB 30 June 2016

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ထဲမှာ သတ်ဖြတ်ပြီးမြေမြှုပ်ခံထားရတဲ့ ရွာသား ၅ ယောက်ရဲ့ အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူရွာသား ၅ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က မြန်မာ့တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဖြစ်ပြီး ပလောင်နဲ့ရှမ်းလူမျိုးတွေဖြစ်ကြတယ်လို့ ရွာသားတွေက တညီတညွတ်တည်း ပြောဆိုကြပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှာတော့ မိသားစုဝင်တွေက မြေမြှုပ်ထားတဲ့ အလောင်းတွေကို ပြန်လည်တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကိုယ်တိုင်ရောက်ရှိသတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ခွန်ဇော်ဦးက အလောင်းတွေ မြင်တွေ့ရပုံကို အခုလိုပြောပါတယ်။

သူက “လားရှိုးကနေ မိုင်းယော်သွားရင် မိုင်းယော် အ၀င်ဆိုင်းဘုတ်မရောက်ခင် တမိုင်လောက် အကွာရဲ့ လမ်းဘေးမှာ ပေ ၂၀ လောက်အကွာက ရေမြောင်းထဲမှာက အမျိုးသား အလောင်းနဲ့ အမျိုးသမီးအလောင်း တလောင်းစီပေါ့နော်၊ အဲဒီဟာကျတော့ ကျနော်တို့က မဖော်တော့ဘူး ပေါ့နော် အရမ်းနံလို့ဆိုပြီးမှ ရေမြောင်းထဲကဟာနဲ့ သူများလာဖို့သွားတယ်။ အဲဒီ အလောင်းတွေကို နည်းနည်းကျော်သွားပြီးတဲ့အခါကျတော့ ပြောင်းခြံရှိတယ်လေ။ အဲဒီ ပြောင်းခြံရဲ့ တောင်ကုန်းပေါ်မှာကျတော့ ၂ ယောက်တကျင်း၊ ၃ ယောက် တကျင်းမြှုပ်ထားတယ်။ အဲဒါတွေ ဖော်တွေ့တယ်။ အဲဒီအလောင်းငါးလောင်းမှာ တချို့က ပြောက်ကျားဘောင်းဘီဝတ် ထားတယ်။ တချို့က စစ်စိမ်းရောင် ၀တ်ထားတယ်။ ရွာသားတွေ ပြောတာတော့ ဖမ်းသွားတုန်းက အရပ်ဝတ်နဲ့ပဲဖြစ်တယ်လို့ ပြောကြတယ်။” လို့ ပြောပါတယ်။

မျက်မြင်တဦးဖြစ်တဲ့ မိုင်းယော်ရွာသား စိုင်းလွိုင်ဖက မြေမြှုပ်ခံရတဲ့ ရွာသားတွေဟာ မိုင်းယော် ကျေးရွာအုပ်စု မန့်ကစ်ရွာက ၃ ဦး နဲ့ မန့်တပ်ရွာက ၂ ဦး (ပလောင်ရွာသား ၃ ဦး နဲ့ ရှမ်းရွာသား ၂ ဦး) တို့ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“၂၅ ရက်နေ့ မွန်းလွဲ တစ်နာရီခွဲလောက်က ရွာသားတွေ ပြောင်းဖူးခင်းမှာ ပေါင်းသင်နေတုန်း တပ်မတော်စစ်ကြောင်းဝင်လာတယ်၊ သူတို့ လမ်းဘေးမှာခနနားတယ်၊ ပြီးတော့ လမ်းပေါ်ဖြတ် သွားတဲ့ ဆိုင်ကယ်တွေကားတွေ တားပြီးစစ်မေးတယ်။ အဲဒီမှာ ဆိုင်ကယ်တစ်စီးက မရပ်ဘဲ ဖြတ်မောင်းတယ်။ စစ်တပ်က သေနတ်တစ်ချက် ၂ ချက် ပစ်ဖောက်တယ်၊ ဆိုင်ကယ်လဲသွား တယ်။ သေနတ်သံထွက်တော့ စစ်ကြောင်းကရှည်တော့ အနောက်က တက်လာတဲ့ စစ်သားတွေ က တိုက်ပွဲဖြစ်တယ်ထင်ပြီး သေနတ်တွေပစ်ပြီး တက်လာတယ်။ ဆိုင်ကယ်ပေါ်က လူ ၂ ယောက်လည်း သေနတ်ထိတယ်။ ရွာသားတွေလည်း ထွက်ပြေး၊ တချို့က ၀ပ်နေကြတယ်။ နာရီဝက်လောက် သေနတ်သံတွေဆူညံပြီး ငြိမ်သွားတော့ စစ်ကြောင်းက ယာခင်းထဲက ရွာသား ၅၀ လောက်ကို အကုန်ခေါ်စစ်တယ်။ လက်နက်ကိုင်အဖွဲ့အကြောင်း မေးတယ်။ နောက်ပြီး လူငယ် ၅ ယောက်ကို ဖမ်းခေါ်သွားတယ်။ မနေ့က အဲဒီမှာ စစ်တပ် မရှိတော့ဘူးဆိုလို့ မိသားစု တွေက သွားရှာတာ အလောင်းတွေကို မြေမြှုပ်ထားတာ တွေ့တယ်။ ၃ ယောက်က တကျင်း၊ နှစ်ယောက်က တစ်ကျင်း၊ တချို့ကို စစ်ဝတ်စုံ ၀တ်ပေးထားတယ်။ သူတို့ မိဘတွေကတော့ သူတို့သားက ယာခင်းသွားတုန်းက ၀တ်သွားတဲ့ အင်္ကျီတွေမဟုတ်ဘူးလို့ ပြောတယ်။”

အခင်းဖြစ်တဲ့ဒေသမှာ လက်နက်ကိုင်အဖွဲ့တွေအဖြစ် မန်ပန်ပြည်သူ့စစ်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ပဲ ရှိပြီး တိုက်ပွဲလည်း မဖြစ်ပါဘဲနဲ့ ရွာသားတွေ ဖမ်းဆီးခံရ၊ အသတ်ခံရတဲ့ပေါ် နားမလည်နိုင်ကြောင်း၊ အလောင်းဖော်ထုတ်တွေ့ရှိချိန်အထိ ဘယ်အာဏာပိုင်တွေကမှ လာရောက်ကြည့်ရှုစစ်ဆေးတာ မရှိသေးဘူးလို့ ပြောပါတယ်။

ဒီလူတွေကို ဖမ်းဆီးသွားကတည်းက မိသားစုတွေက ပြန်လည်လွှတ်ပေးဖို့ တပ်မတော်တပ်ဖွဲ့ တွေထံ သွားရောက်တောင်းဆိုရာမှာ ပြန်လည်လွှတ်ပေးလိုက်ပြီလို့ ပြန်ပြောကြောင်း၊ ဒါပေမယ့် ရွာကိုရောက်မလာတဲ့အတွက် တပ်စခန်း ထွက်ခွာချိန်မှာ လိုက်လံရှာဖွေရှာမှာ မြေမြှုပ်ထားတဲ့ အလောင်းတွေကို တွေ့ရှိခဲ့တာဖြစ်ကြောင်း ရွာသားတွေပြောဆိုချက်အရ သိရပါတယ်။

ဒီဗွီဘီက သီးခြားအတည်မပြုနိုင်ပေမယ့် ရွာသားတွေအကြား ပြောဆိုနေကြတာကတော့ အဲဒီဒေသမှာ လာရောက်လှုပ်ရှားတဲ့တပ်ဟာ ခမရ ၃၆၂ က ဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းယော်ရွာသူတဦးကလည်း သေဆုံးသူ မိသားစုတွေရဲ့ အခြေအနေကို အခုလိုပြောပြပါတယ်။

“သူတို့က ဘာမှမရှိဘူး။ သူများပြောင်းဖူးခြံကို နေ့စားနဲ့ သွားပေါက်စားနေကြတာ၊ သေတဲ့ ပလောင်လူငယ်တွေက ဗမာစကားလည်း မပြောတတ်၊ ရှမ်းစကားလည်းမတတ်၊ မိန်းမနဲ့ ကလေးရှိတယ်။ ကလေးက ငယ်ငယ်လေးတွေ၊ သူတို့မိန်းမရော အမေတွေရော အိမ်ရှေ့တံခါး ပေါက်မှာ ထိုင်ပြီးငိုနေကြတယ်။ သိပ်သနားစရာကောင်းတယ်” လို့ ပြောပါတယ်။

လားရှိုးမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်အမတ် ဦးစိုင်းဝမ်း လိုင်းကတော့ အစိုးရက ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကြိုးစားနေချိန် ခုလိုဖြစ်ပျက်သွားတာ အင်မတန်စိုးရိမ်စရာကောင်းတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ပါတီဝင်တွေနဲ့အတူ ဒီနေ့ဘဲ အလောင်းဖော်တဲ့နေရာကနေ ရွာကသုဿန်မှာ သွား သဂြိုဟ်တဲ့အထိ လိုက်လံ ပို့ဆောင်ခဲ့ပါတယ်၊ သေဆုံးသူရဲ့ မိဘတွေ၊ မိသားစုဝင်တွေကိုတွေ့ တော့ တော်တော်ဘဲစိတ်မကောင်းဖြစ်ရတယ်၊ ပြောချင်တာကတော့ သူတို့အတွက်တရားမျှတမှု ဖြစ်စေချင်တယ်၊ တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးစေချင်တယ်၊ ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖမ်းဆီးအရေးယူသင့်တယ်၊ အခုတော့ ဘယ်သူမှ ဘာမှမသိဘဲသတ်ဖြတ်သွားတယ်ဆိုတော့ ဒါလုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ၊ တိုင်းပြည်ကလည်း ငြိမ်းချမ်းရေးကိစ္စကို အရေးတကြီးဖော်ဆောင်နေ တဲ့အချိန်လည်းဖြစ်တယ်။ ဒါ အင်မတန်မှစိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်ပါ တယ်ခင်ဗျ။”
သူတို့ပါတီအနေနဲ့ ဘယ်လိုကူညီဆောင်ရွက်ပေးနိုင်မလဲဆိုတာကတော့ မိသားစုဝင်တွေနဲ့အတူ တိုင်ပင်ရဦးမှာဖြစ်ကြောင်း၊ လောလောဆယ် ပူဆွေးနေတဲ့အတွက် ဘာမှမဆွေးနွေးရသေးဘူး လို့ ပြောပါတယ်။
- လားရှိုးမြို့နယ်တွင် ဖမ်းဆီးခံရွာသားများ၏ အလောင်းများ တူးဖော်တွေ့ရှိ click

No comments: