Wednesday, August 24, 2016

ဒီကနေ့ လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းတွေ ... (ရုပ်သံ)


RFA ပရိသတ်များရှင်၊ ဒီကနေ့လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲသတင်းတွေကို တင်ပြပေးပါမယ်။

- ဒီကနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၅ မိနစ်က မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့ အနောက်ဘက် ၁၂ မိုင် လောက်အကွာကို ဗဟိုပြုပြီး အင်အား ၆ ဒဿမ ၈ ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်။
- ငလျင်ဗဟိုချက်မနဲ့ အနီးဆုံးဖြစ်တဲ့ ချောက်မြို့မှာ "မြန်မာ့ရှေ့ဆောင်ဘဏ်" အဆောက်အဦး အက်ကွဲပြီး ပုဂ္ဂလိကပိုင် အဆောက်အဦး ရှေ့မျက်နှာ စာပေါ်ကို ပြိုကျခဲ့ပါတယ်။ ရေနံချောင်းမြို့ သစ်တပွေရပ်ကွက် မှာ အသက် ၇ နှစ်နဲ့ ၁၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦး ရွှေမြင်မိဘုရား ကမ်းပါးရံပြိုကျ ပြီး သေဆုံးခဲ့ပါတယ်။ ရေနံချောင်းမြို့ မြို့မဈေးကြီး အရှေ့ဘက် ကျမ်းကိုင်ဘုရားဝင်းထဲက စေတီတဆူလည်း ပြိုကျခဲ့ပါတယ်။ မင်းဘူးမြို့မှာ နဂါးပွက်တောင် သွားတဲ့လမ်းတချို့ အက်ကွဲသွားတယ်လို့ သိရပါတယ်။

- မကွေးမြို့က အပျက်အစီးတွေအကြောင်းကိုတော့ မြို့ခံတဦးက အခုလို ပြောပြပါတယ်။
- ပွင့်ဖြူမြို့နယ်မှာ အဆောက်အဦးတလုံးပြိုကျခဲ့ပြီး၊ မကွေးမြို့ပေါ်မှာလည်း အဆောက်အဦးတလုံး ပြိုကျခဲ့ပါတယ်။
- ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးကျေးရွာမှာ ဥာဏ်တော် ၇၂ ပေ အမြင့်ရှိတဲ့ ဆုတောင်းပြည့်စေတီတော် စိန်ဖူးတော် မြေခမှုဖြစ်ပွားခဲ့ပါတယ်။
- ငလျင်ကြောင့် ပုဂံညောင်ဦးမှာ စေတီပေါင်း ၉၄ ဆူ ပြိုကျပျက်စီးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီအထဲမှာ ထင်ရှားတဲ့ ဘုရားစေတီတော်တွေဖြစ်တဲ့… စူဠာမဏိ၊ ဓမ္မရံကြီး၊ အာနန္ဒာ၊ လောကနန္ဒာ၊ မြစေတီနဲ့ ထီးလိုမင်းလိုစေတီတွေ ပါဝင်ပါတယ်။
- ညောင်ဦးမြို့နယ်က မြစေတီဘုရားမှာ အရန်စိန်ဖူးတော် မြေခမှု ဖြစ်ပွားပြီး၊ အာနန္ဒာဘုရားမှာတော့ အင်္ဂတေချပ်တွေ ကွာကျခဲ့ပါတယ်။ ရွှေစေတီ ဘုရား ဖောင်းရစ်တော်ကနေ ပြိုကျခဲ့ပြီး၊ လောကဥသျှောင်စေတီ အရန်စိန်ဖူးတော် မြေခခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရှိရကြောင်း ဖော်ပြထားပါတယ်။
- ပခုက္ကူမြို့မှာ ရွှေဂူဘုရား အရံစေတီ ၂ ဆူပြိုကျခဲ့ပါတယ်။ ပုဂ္ဂလိကပိုင် ဆေးပေါင်းရုံ အဆောက်အဦးတခု ပြိုကျပြီး အမျိုးသားတဦး သေဆုံးပြီး၊ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
- တောင်တွင်းကြီးမြို့နယ် မောင်းတိုင် (၂) ရပ်ကွက်က အရှေ့ကျောင်းဝင်းထဲမှာရှိတဲ့ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတကျောင်း ပြိုကျပျက်စီးခဲ့ပါတယ်။
ဒီနေ့လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ၁၉၇၅ ခုနှစ်က လှုပ်ခတ်သွားတဲ့ ပုဂံငလျင်နဲ့ ပုံစံတူတယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့် က ပြောပါတယ်။
- အလားတူ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ စစ်တွေ၊ သံတွဲ၊ ပုသိမ်၊ မိတ္ထီလာ၊ ရေနံချောင်း၊ မြင်းခြံ၊ ရမည်းသင်း၊ ရွှေဘို၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ကျိုက်လတ် စတဲ့ မြို့နယ်အတော်များများမှာလည်း ငလျင်လှုပ်ခတ်မှု ခံခဲ့ရတယ်လို့ သိရပါတယ်။ ငလျင်ဒဏ်ကြောင့် နေပြည်တော်က အမျိုးသားလွှတ်တော် အဆောက်အအုံမှာ မျက်နှာကျက်ကနေ အစိတ်အပိုင်းတွေ ပြိုကျတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်ရှင်။

No comments: